အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာတော့မယ်လို့ သတင်းကြီးနေတဲ့ တောင်ပံကစားသမား ဆန်ချိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တချို့က ဖော်ပြလာကြပါတယ်။

အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်နေရသလို မကြာသေးမီကလည်း ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ ပြဿနာ တက်ထားပါတယ်။

Photo Credit: Euro Sports

တန်ဟက်ဂ်နဲ့ ဆန်ချိုတို့က ပွဲထွက်ခွင့်နဲ့ ပတ်သတ်ပြီး အချင်းများခဲ့ကြတာ ဖြစ်ပြီး အဆိုပါပြဿနာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို အသင်းကြီးနဲ့ ပူးပေါင်းခွင့် မပေးတော့သလို အကယ်ဒမီအသင်းနဲ့သာ သွားရောက် လေ့ကျင့်ခိုင်းထားပါတယ်။

တန်ဟက်ဂ်က သူ့ကိုသာ ပြန်တောင်းပန်မယ် ဆိုရင် ဆန်ချိုကို အသင်းဆီ ပြန်လာခွင့် ပေးမယ်လို့ ပြောထားပေမယ့် ဆန်ချိုကတော့ မန်ချက်စတာ ယူနိုက်တက်မှာ ဆက်မကစားတော့ပဲ လာမယ့် ဆောင်းဈေးကွက်မှာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် အားဖြည့်မှု အဖြစ် ဆန်ချိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူချင်နေပြီး ဂျူဗင်တပ်ဟာ မကြာခင် ဆန်ချိုအတွက် စတင် လှုပ်ရှားတော့မယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Sunကလည်း ဂျူဗင်တပ်ဟာ ဆန်ချိုကို ခေါ်ဖို့ စိတ်ဝင်စားနေကြောင်းအား ထပ်ဆင့် အတည်ပြုပေးထားသလို ဂျူဗင်တပ်က ဆန်ချိုရဲ့ လုပ်ခလစာ တဝက်ကို ပေးချေဖို့ ပြင်ဆင်ထားကြောင်း ဖော်ပြထားပါသေးတယ်။