ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ အဓိက ကွင်းလယ်လူ မက် အယ်လစ္စတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါး ၂-၁ လီဗာပူး ပွဲအပြီးမှာ စပါးရဲ့ အဓိကနောက်ခံလူလည်းဖြစ် ၊ သူ့ရဲ့ နိုင်ငံအသင်းဖော်လည်း ဖြစ်တဲ့ ရိုမဲရိုးနဲ့ လူမှုကွန်ယက်ပေါ်မှာ စကားများခဲ့ကြောင်း သိရပါတယ်။

ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိထားတဲ့ စပါးနဲ့ လီဗာပူးတို့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ ပွဲစဉ်က ဒီတပတ်ရဲ့ အကောင်းဆုံး ပရီးမီးယားလိဂ်ပွဲ ဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဟူးပါးနဲ့ VARဒိုင် ဒါရင်းတို့ရဲ့ ဆိုးရွားလှတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ပွဲကောင်း တပွဲ ဖြစ်လာရမယ့် အစား အရုပ်ဆိုးတဲ့ပွဲသာ ဖြစ်ခဲ့ရပါတယ်။

Photo Credit: Talksports

အဆိုပါပွဲမှာ ဒိုင်လူကြီးတွေက ဧည့်သည် လီဗာပူးတို့ နစ်နာစေမယ့် ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် ချမှတ်ခဲ့ပြီး အထင်ရှားဆုံးနဲ့ အလွဲမှားဆုံး ဆုံးဖြတ်ချက်ကတော့ လီဗာပူးတိုက်စစ်မှူး ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံတယ်လို့ ယူဆကာ ဂိုးအဖြစ် မသတ်မှတ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ဒိုင်လူကြီး ၂ဦးရဲ့ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေကြောင့်ပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေ ၊ ကစားသမားတွေနဲ့ ပရိသတ်တွေက အင်္ဂလန် ပရီးမီးယားလိဂ်အဖွဲ့ချုပ်ကို ဝေဖန်မှုတွေ ပြုလုပ်နေကြပြီး လီဗာပူး ကွင်းလယ်လူ အယ်လစ္စတာကလည်း သူ့ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ မကျေနပ်ချက်တွေကို နိုင်ငံအသင်းဖော် ရိုမဲရိုးရဲ့ ပို့စ်အောက်မှာ ဖော်ထုတ်ခဲ့ပါသေးတယ်။

Photo Credit: Standard

စပါးနဲ့ အာဂျင်တီးနား ဗဟိုခံစစ်မှူး ရိုမဲရိုးက စပါး ၂-၁ လီဗာပူးပွဲ အပြီးမှာ သူ့အသင်းရဲ့ နိုင်ပွဲအတွက် ဂုဏ်ယူကြောင်းအား လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီး အယ်လစ္စတာက အဆိုပါပို့စ်အောက်မှာ “၁၂ယောက်နဲ့ ၁၁ယောက် ကစားရင် နိုင်တာက ပုံမှန်ပါပဲ” လို့ ဝင်ရောက် မှတ်ချက်ပေးကာ စပါးဟာ ဒိုင်ကူလို့ နိုင်ခဲ့တာ ဖြစ်ကြောင်း သွယ်ဝိုက် ဝေဖန်ခဲ့ပါတယ်။

ရိုမဲရိုးကလည်း အယ်လစ္စတာရဲ့ မှတ်ချက်ကို “အိမ်မှာ ငိုနေစမ်းပါ” လို့ ပြန်လည် မှတ်ချက်ပေး ရေးသားကာ အယ်လစ္စတာကို စနောက်သွားခဲ့ပါတယ်။