ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ကစားသမားဟောင်း ကယ်ဗင် ကမ်းဘဲလ်က သူ့ရဲ့ အသင်းဟောင်းဟာ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် စီးရီးအေ ထိပ်သီးကလပ် နာပိုလီရဲ့ ကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူသင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့ပါတယ်။

အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ဒီကလန်ရိုက်စ် ၊ ရာယာ ၊ ဟားဗက်ဇ် ၊ တင်းဘား စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ လူအင်အား အတောင့်တင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်လာပေမယ့် သူတို့ရဲ့ တိုက်စစ်ပိုင်းကတော့ အခုချိန်အထိ အားနည်းနေဆဲပါ။

Photo Credit: The Sun

အာဆင်နယ်က တိုက်စစ်ပိုင်းမှာ ဆာကာ ၊ ထရော့ဆက် ၊ မာတီနယ်လီ ၊ ဂျေဇူး ၊ အန်ခီးတီးယား ၊ နယ်လ်ဆန် စတဲ့ ကစားသမား ၆ဦးကိုသာ ပိုင်ဆိုင်ထားပြီး အဆိုပါ ကစားသမား ၆ဦး အနက် အန်ခီးတီးယားနဲ့ ဂျေဇူးတို့ နှစ်ဦးထဲကသာ အထောင်တိုက်စစ်မှာ ကစားနိုင်သလို ဂျေဇူးကလည်း အထောင်တိုက်စစ်မှူး စစ်စစ် မဟုတ်ပါဘူး။

ဒါကြောင့်ပဲ အာဆင်နယ်က ခံစစ်ပိတ် ကစားတတ်တဲ့ အသင်းတွေ ၊ ခြေရည်တူ အသင်းတွေနဲ့ တွေ့ရင် တိုက်စစ်မှူးတွေဆီ ကနေ သွင်းဂိုးတွေ ရရှိဖို့ အတော်လေးကို ရုန်းကန်နေရပြီး အိုဒီဂတ် ၊ ဆာကာ ၊ မာတီနယ်လီ ၊ ထရော့ဆက်တို့က တိုက်စစ်ရဲ့ အားနည်းချက်ကို အတတ်နိုင်ဆုံး ဖာထေးပေးနေလို့သာ ဖြေသာနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Post Nigeria

အာဆင်နယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ကယ်ဗင် ကမ်းဘဲလ်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူသင့်ပြီလို့ ယုံကြည်နေသလို အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်း အားနည်းချက် အတွက် နာပိုလီနဲ့ အဆင်မပြေဖြစ်နေတဲ့ အိုဆီမန်ဟာ အသင့်တော်ဆုံးလို့ ဆိုလာပါတယ်။

ကယ်ဗင် ကမ်းဘဲလ်က – “အိုဆီမန် အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ပေးချေရမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ထိပ်တန်း ကစားသမားတွေကို လိုချင်ရင် အခုလိုမျိုး စံချိန်တင် ပြောင်းရွှေ့ကြေးတွေ ပေးရတာဟာ ပုံမှန်ပါပဲ။ တကယ်လို့ ခင်ဗျားက ထိပ်တန်းအသင်း ဖြစ်ချင်ရင် ၊ လိုချင်တဲ့ ကစားပုံအတိုင်း ကစားချင်ရင် ၊ ထိပ်တန်း ကစားသမားတွေကို လိုချင်တယ် ဆိုရင် စံချိန်တင် ပြောင်းရွှေ့ကြေး ပေးရမှာပါပဲ။ အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ငွေကြေး အများကြီး ရထားပါတယ်။ အာဆင်နယ်က အဲ့ဒီငွေတွေကို သုံးပြီး လာမယ့် နွေဈေးကွက်မှာ အိုဆီမန်ကို ခေါ်ယူသင့်ပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။