ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ နာမည်ကြီး ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် မာဆန်ကတော့ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲမှာ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်က ပြိုင်ဘက် စပါးကို ခြေပြတ် ဂိုးပြတ် အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းသွားခဲ့ပါတယ်။

မြောက်လန်ဒန် ဒါဘီပြိုင်ဘက်တွေ ဖြစ်ကြတဲ့ အာဆင်နယ်နဲ့ စပါးတို့က ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေကြတဲ့ အသင်းတွေ ဖြစ်ပြီး နှစ်သင်းစလုံးက ပရီးမီးယားလိဂ် ပွဲစဉ်(၅) အပြီးမှာ ၄ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ တူညီတဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ်။

Photo Credit: Sky Sports

ဒါ့အပြင် အာဆင်နယ်နဲ့ စပါးတို့ ထိပ်တိုက် တွေ့ဆုံကြတဲ့ ပွဲစဉ်ကို မြောက်လန်ဒန်ဒါဘီပွဲလို့ လူသိများကြပြီး မြောက်လန်ဒန်ဒါဘီပွဲဟာ လန်ဒန်ဒါဘီပွဲတွေ အနက် အကြိတ်အနယ် အရှိဆုံး ၊ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲ ဖြစ်တာကြောင့် ဒီနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မြောက်လန်ဒန်ဒါဘီပွဲဟာ ပရိသတ်တွေ မလွတ်တမ်း စောင့်ကြည့် အားပေးရမယ့် ပွဲကောင်း တပွဲပဲ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ စပါးတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲကို ယနေ့ည ၇နာရီခွဲမှာ အာဆင်နယ်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အမ်းမရိတ်ကွင်းထဲမှာ ကျင်းပဖို့ စီစဉ်ထားပြီး အဆိုပါပွဲမှာ အိမ်ရှင်ဖြစ်တဲ့ အာဆင်နယ်က ရလဒ်ကောင်း တခု ရယူနိုင်ဖို့ ဧည့်သည် စပါးထက် ပိုမို ရေပန်းစားနေပါတယ်။

Photo Credit: Mirror

အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ပေါလ် မာဆန်ကတော့ စပါးက လတ်တလောမှာ ရလဒ်တွေ ကောင်းနေပေမယ့် သူ့ရဲ့ အသင်းဟောင်းကို ယှဉ်ကစားနိုင်မှာ မဟုတ်ပဲ သူ့ရဲ့ အသင်းဟောင်းက စပါးကို ချေမှုန်းလိမ့်မယ်လို့ ဆိုလာပါတယ်။

ပေါလ် မာဆန်က – “ကျွန်တော်ကတော့ ဒီပွဲမှာ အာဆင်နယ် အနိုင်ကလွဲပြီး တခြားရလဒ်တွေ ထွက်လာဖို့ မမြင်ပါဘူး။ အာဆင်နယ်က စပါးကို အပြတ်အသတ် ချေမှုန်းသွားပါလိမ့်မယ်။ ကျွန်တော်က အဲ့ဒီလိုပဲ ယုံကြည်ထားပါတယ်။ အာဆင်နယ်က စပါးကို တစစီ ဖြစ်သွားအောင် ဆွဲဖြဲပစ်ပါလိမ့်မယ်။ စပါးကတော့ သူတို့ရဲ့ ကစားပုံကို ပြင်လိမ့်မယ်လို့ မထင်ပါဘူး။ စပါးက မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ ဂိုးပေါက် ကန်သွင်းခွင့် ၁၄ကြိမ် အထိ ပေးခဲ့ရပါတယ်။ အာဆင်နယ်ကိုသာ ဂိုးပေါက် ကန်သွင်းခွင့် ၁၄ကြိမ် ပေးခဲ့ရင် ပထမပိုင်းမှာပဲ ပွဲပြတ်သွားပါလိမ့်မယ်” လို့ ခန့်မှန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။