ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်သူ ချာလိုဘက်က နည်းပြသစ် ပိုချက်တီနိုရဲ့ စီမံကိန်းထဲမှာ မပါဝင်တော့တာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာ ချယ်လ်ဆီးကို စွန့်ခွာဖို့ ရှိနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် ကစားသမား ချာလိုဘက်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်း အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး ခံစစ်အားသန် ကစားသမား ဖြစ်တာကြောင့် ခံစစ်ပိုင်းရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Football London

ချာလိုဘက်က ၂၀၂၁ခုနှစ်မှာ ချယ်လ်ဆီး အတွက် စတင် ပါဝင် ကစားခွင့် ရရှိခဲ့သူ ဖြစ်ပြီး ၂နှစ်တာ ကာလအတွင်းမှာ သူက ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၆၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ချာလိုဘက်က ဗဟိုခံစစ် ၊ ညာနောက်ခံ ၊ ဘယ်နောက်ခံ ၊ ကွင်းလယ်ခံစစ် ၊ ဗဟိုကွင်းလယ် စတဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိပြီး သူ့ရဲ့ အရည်အချင်းကြောင့်ပဲ ဘိုင်ယန်မြူးနစ် အပါအဝင် ဘောလုံးအသင်း တချို့က သူ့ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ကြိုးစားခဲ့ကြတာပါ။

Photo Credit: Goal

ဒါပေမယ့် ချယ်လ်ဆီးနဲ့ ချာလိုဘက်တို့က သူ့ရဲ့ အသင်းသစ်ကို ရွေးချယ်ရာမှာ သဘောထား မတိုက်ဆိုင်မှုတွေ ဖြစ်ခဲ့တာကြောင့် ချာလိုဘက်ဟာ ဘယ်အသင်းကိုမှ မပြောင်းနိုင်ပဲ ချယ်လ်ဆီးမှာသာ ဆက်လက် ရှိနေခဲ့ပြီး နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ ချာလိုဘက်ဟာ ဆောင်းဈေးကွက်မှာ ချယ်လ်ဆီးကို သေချာပေါက် စွန့်ခွာဖို့ ရာခိုင်နှုန်း များနေကြောင်း ဖော်ပြလာပါတယ်။

ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးဟာ နွေဈေးကွက် အတွင်းမှာ ဘိုင်ယန်မြူးနစ်ကလွဲပြီး တခြားအသင်းတွေဆီ မပြောင်းဘူးလို့ တင်းခံခဲ့တဲ့ ချာလိုဘက်ကို အသင်းရဲ့ လူစာရင်းကနေ ထုတ်ပယ်ခဲ့တယ် ဆိုတဲ့ သတင်းတွေက သတင်းအမှားတွေ ဖြစ်ပေမယ့် ချာလိုဘက်ဟာ လာမယ့် ဆောင်းဈေးကွက်မှာ ချယ်လ်ဆီးကို စွန့်ခွာရဖို့ ရှိနေကြောင်း သိရှိရပါတယ်။