ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်ခဲ့ဖူးတဲ့ ဂန္တဝင် ဘောလုံးသမားကြီး ပေါလ်စခိုးလ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် ၄-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်အပြီးမှာ သူ့ရဲ့ အသင်းဟောင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်မျိုး မရောက်သေးဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။

ပေါလ်စခိုးလ်ရဲ့ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေ ဆိုးဝါးနေသလို ယနေ့မနက် အစောပိုင်းမှာ ချန်ပီယံလိဂ် အဖွင့်ပွဲ အဖြစ် ဘိုင်ယန်မြူးနစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ ဒူးထောက် အရှုံးပေးခဲ့ရပြန်ပါတယ်။

Photo Credit: Football 365

ဘိုင်ယန်မြူးနစ် ၄-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်း ကစားခဲ့ကြပြီး အိမ်ရှင် ဘိုင်ယန်မြူးနစ်ကတော့ ဧည့်သည် မန်ချက်စတာ ယူနိုက်တက်ထက် ကစားသမား အင်အားရော ၊ ခြေစွမ်းပိုင်းမှာပါ ပိုမို သာလွန်ခဲ့ပါတယ်။

အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ် အတွက် သွင်းဂိုးတွေကို ဆာနေး ၊ ဂနာဘရီ ၊ ဟယ်ရီကိန်းနဲ့ မာသီတဲလ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုးတွေကိုတော့ ဟွိုက်လန်းနဲ့ ကတ်စ်မဲရိုးတို့ နှစ်ဦးထဲက သွင်းယူပေးခဲ့တာပါ။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က အဝေးကွင်းမှာ ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့ပေမယ့် ဂျာမန်မြေမှာ ၃ဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေက သူတို့အသင်းရဲ့ ခြေစွမ်းဟာ ပြန်လည် ကောင်းမွန်လာပြီလို့ ယူဆနေကြပေမယ့် အသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ပေါလ်စခိုးလ်ကတော့ ယူနိုက်တက်ဟာ ရှုံးထွက်ဖလားတွေကို ရယူနိုင်စွမ်း ရှိပေမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်းမျိုး မရှိသေးဘူးလို့ ဆိုလာပါတယ်။

ပေါလ်စခိုးလ်က – “ယူနိုက်တက်က ရှုံးထွက်ပြိုင်ပွဲတွေကို ဝင်ပြိုင်နိုင်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ သူတို့က အက်ဖ်အေဖလားကို ယူကောင်း ယူနိုင်လိမ့်မယ်။ EFLဖလားကိုလည်း ရယူနိုင်စွမ်း ရှိကောင်း ရှိလိမ့်မယ်။ ဒါပေမယ့် သူတို့က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်တဲ့ အဆင့်အတန်းမျိုး မရှိသေးပါဘူး” လို့ ပျစ်ပျစ်နှစ်နှစ် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။