လာလီဂါကလပ် ရီးယဲလ် ဘက်တစ်အသင်းက စပိန်လက်ရွေးစင်ဟောင်း နာမည်ကျော် ဂိုးသမား ဒေးဗစ် ဒီဂီယာကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

ဒီနွေမှာပဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ ဂိုးသမား ဒီဂီယာဟာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေချိန် ဘက်တစ်အသင်းက ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်လာခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : The Sun

လာလီဂါကလပ် အသက်လက်တီကို မက်ဒရစ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း မန်ယူနိုက်တက်မှာ ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ အသုံးတော်ခံခဲ့ရတဲ့ ဂိုးသမား ဒီဂီယာဟာ ယူနိုက်တက်နဲ့ သက်တမ်းတိုးခြင်း မရှိပဲ လမ်းခွဲခဲ့ပြီးနောက် အသင်း တော်တော်များများနဲ့ အပြောင်းအရွှေ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။

ဒီလို သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အသင်းပြောင်းရွှေ့နိုင်ခဲ့ခြင်း မရှိပဲ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေသေးတဲ့ ဒီဂီယာဟာ လေ့ကျင့်မှုတွေ မပြတ် လုပ်ဆောင်နေတာကြောင့် သူ့ကို ဘက်တစ်က မျက်စိကျလာခဲ့ပါတယ်။

Photo Credit : Football365

ဘက်တစ်ဆိုတာကလည်း လာလီဂါရဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပေမယ့် ပြီးခဲ့တဲ့ weekend က ဘာစီလိုနာအသင်းကို (၅)ဂိုးပြတ်နဲ့တောင် မရှုမလှ အရှံးပေးထားခဲ့ရသလို လာလီဂါမှာ (၅)ပွဲကစား ပေးဂိုးက (၁၀)ဂိုးအထိတောင် ရှိနေရပါတယ်။

ဒီလို အခြေအနေမှာ ဘက်တစ်က ယူနိုက်တက် နဲ့ စပိန်လက်ရွေးစင် ဂိုးသမားဟောင်း ဒီဂီယာကို လာလီဂါပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်ချင်နေပြီး ဆွေးနွေးမှုတွေလည်း လုပ်ဆောင်နေသလို ဒီဂီယာအနေနဲ့ ဘက်တစ်ကို ပြောင်းရွှေ့ဖို့အတွက် သူရဲ့ တစ်ပတ်လုပ်ခကို လျော့ယူပေးရဖွယ် ရှိနေပါတယ်။