စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာက သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား တာစတီဂျန်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း ယနေ့မနက် အစောပိုင်းမှာ သူတို့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ ကြေညာသွားခဲ့ပါတယ်။

ဘာစီလိုနာက လာလီဂါပွဲစဉ်(၅) အဖြစ် ဘက်တစ်ကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ပြီး အဆိုပါပွဲမှာ ဘာစီလိုနာနည်းပြ ဇာဗီက ဖာရန်း တောရက်စ် ၊ လီဝန်ဒေါစကီးနဲ့ ဂျာအို ဖီးလစ်တို့ကို တိုက်စစ်အား ဦးဆောင် ကစားစေခဲ့ကာ ဂါဗီ ၊ ရိုမီယူနဲ့ ဒီဂျောင်တို့ကို ကွင်းလယ်မှာ ထားခဲ့ပြီး ကန်ဆယ်လို ၊ ခွန်ဒေ ၊ ခရစ်တန်ဆန်နဲ့ ဘလိတ်တို့ကို ခံစစ်ကြောင်းမှာ နေရာချခဲ့ပါတယ်။

Photo Credit: Goal

တဖက်မှာလည်း ဘက်တစ်နည်းပြချုပ် ပယ်လီဂရီနီက နူးကမ့်မှာ ရမှတ် ခွဲဝေယူနိုင်ဖို့ အတွက် သူ့အသင်းရဲ့ အကောင်းဆုံး လူစာရင်းကို ထုတ်သုံးကာ ဘာစီလိုနာကို အံတုဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပဲ အိမ်ရှင် ဘာစီလိုနာကသာ မတူညီတဲ့ ကစားသမား ၅ဦးက သွင်းခဲ့တဲ့ သွင်းဂိုး ၅ဂိုးနဲ့ ဘက်တစ်ကို ဂိုးပြတ် ချေမှုန်းခဲ့ပါတယ်။

ဘာစီလိုနာအတွက် သွင်းဂိုးတွေကို လီဝန်ဒေါစကီး ၊ ဖာရန်း တောရက်စ် ၊ ဂျာအို ဖီးလစ် ၊ ကန်ဆယ်လိုနဲ့ လူစားဝင် ကစားသမား ရာဖင်ညာတို့က အသီးသီး သွင်းယူပေးခဲ့ကြပြီး အဆိုပါပွဲမှာ ဘာစီလိုနာ ဂိုးသမား တာစတီဂျန်ကလည်း ဘစ်တစ် တိုက်စစ်မှူး ဂျိုဆေးရဲ့ အနီးကပ် ပိတ်သွင်းချက်ကို အံ့မခန်း ကာကွယ်ပြခဲ့ပါတယ်။

Photo Credit: FC Barcelona

တာစတီဂျန်ရဲ့ အံ့မခန်း ကာကွယ်မှု အပြီးမှာပဲ ဘာစီလိုနာရဲ့ တွစ်တာအကောင့်မှာ “တာစတီဂျန်က ကမ္ဘာ့အကောင်းဆုံး ဂိုးသမားပဲ။ တခြား အတွေးအမြင်တွေ အားလုံးက အမှားတွေချည်းပါ” ဆိုတဲ့ ပို့စ်ကို တင်ခဲ့ပြီး ဘာစီလိုနာရဲ့ ပရိသတ်တွေကလည်း တာစတီဂျန်ဟာ ကမ္ဘာ့အကောင်းဆုံး ဂိုးသမား ဖြစ်ကြောင်း ချီးကျူးနေကြပါတယ်။

အသက် ၃၁နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ဂိုးသမား တာစတီဂျန်က ၂၀၁၄ခုနှစ်မှာ မိုချန် ဂလာဘက် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁၂သန်းထဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ၉နှစ်တာ ကာလအတွင်းမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံ ၃၈၂ပွဲ ပါဝင် ကစားပေးခဲ့ရာ ပေးဂိုးမရှိတဲ့ပွဲ ၁၆၀ပွဲ အထိ ရခဲ့သလို ၃၇၂ဂိုးသာ ခွင့်ပြုထားရပါတယ်။