ဂျုဗင်တပ်စ်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါလ် ပေါ့ဘာသာ တားမြစ်ဆေး ပြသာနာကြောင့် ကာလရှည် ပွဲပယ်ခံရမယ်ဆိုရင် အာဆင်နယ် ကွင်းလယ်လူ သောမတ်စ် ပါတေးကို ပေါ့ဘာနေရာမှာ အစားထိုးဖို့ ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့ပါတယ်။

ပြင်သစ် ကွင်းလယ်ကစားသမား ပေါ့ဘာက လက်ရှိမှာ တားမြစ်ဆေး သုံးစွဲထားတဲ့ ပြသာနာနဲ့ ရင်ဆိုင်နေရပြီး သူ့ကို အီတလီ ဘောလုံးအဖွဲ့ချုပ်ဘက်က ယာယီ ပွဲပယ်မှုတွေ လုပ်ဆောင်ထားသလို တကယ်လို့ ပြစ်မှုထင်ရှားခဲ့ရင် (၄)နှစ်လောက်အထိပါ ပွဲပယ်ဖို့လည်း ရှိနိုင်ပါတယ်။

Photo Credit : Goal

ဒီလိုသာ ကာလရှည်ကြာ ပွဲပယ်ခံရမယ်ဆိုရင်တော့ ဂျုဗင်တပ်စ်အနေနဲ့ ပေါ့ဘာကို စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ တစ်ခါတည်း ထုတ်ပယ်သွားဖို့ ရှိနေသလို ပေါ့ဘာကိုယ်တိုင်ကလည်း ဒီလိုသာ ပွဲပယ်ခံရမယ်ဆိုရင် ကစားသမားဘဝကနေပါ အနားယူသွားဖို့ပါ ရှိနေပြန်ပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဂျုဗင်တပ်စ်က ပေါ့ဘာနေရာမှာ အစားထိုးဖို့ အာဆင်နယ်ရဲ့ ဂါနာ ကွင်းလယ်ကစားသမား ပါတေးကို ပစ်မှတ်ထားလာခဲ့ပြီး လာမယ့် ဇန်နဝါရီလအတွင်းမှာပဲ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ် ရှိနေပါတယ်။

Photo Credit : Just Arsenal

ဂျုဗင်တပ်စ်က ဒီနွေမှာကတည်းက ပါတေးကို ပစ်မှတ်ထားခဲ့ဖူးသေးပြီး အခုလည်း ပေါ့ဘာ ပြသာနာကြောင့် ပါတေးကို နောက်တစ်ကြိမ် ပစ်မှတ်ထားလာခဲ့ပါတယ်။ ဒါပေမယ့် အာဆင်နယ်က လက်ရှိမှာ ပါတေးကို လက်လွတ်သွားဖို့ ဆန္ဒမရှိတာကြောင့် ဂျုဗီတို့ အခက်တွေ့ရနိုင်ပါတယ်။

တစ်ခုရှိတာကတော့ ဂါနာ လက်ရွေးစင် ကစားသမားက ဒီရာသီမှာ အာဆင်နယ်အတွက် (၃)ပွဲဆက်တိုက်လုံး ညာနောက်ခံနေရာတွေပဲ ကစားထားပေးနေရပြီး ဒါဟာ ပါတေးအတွက် သူ့စိတ်ကြိုက်နေရာ မဟုတ်လို့ ဒဏ်ရာကနေ ပြန်သက်သာချိန်ထိ သူ့ကို အာတီတာက RB နေရာပဲ ဆက်သုံးနေမယ်ဆိုရင် ပါတေးလည်း သူ့အနာဂတ်ကို ပြန်စဉ်းစားလာနိုင်ပါတယ်။