ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက သူတို့အသင်းရဲ့ ညာခံစစ် အတွက် အယ်လ်ခမာရဲ့ ညာနောက်ခံလူ ဆူဂါဝါရာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ အယ်လစ္စတာ ၊ ဆိုဘော့ဇလိုင်း ၊ ဂရာဗန်ဘက် ၊ အန်ဒို စတဲ့ ကွင်းလယ်လူ ၄ဦးကို ပြောင်းရွှေ့ကြေး ယူရို ၁၇၂သန်း အထိ အသုံးပြုကာ ခေါ်ယူခဲ့ပေမယ့် လီဗာပူးရဲ့ တာဝန်ရှိသူတွေက သူတို့ရဲ့ လူအင်အားကို သဘောမကျသေးတာကြောင့် လာမယ့် ဆောင်းဈေးကွက်မှာပါ လူအင်အား ထပ်မံ ဖြည့်တင်းဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Team Talk

လီဗာပူးက ကွင်းလယ်လူ ၄ဦး အထိ ခေါ်ယူနိုင်ခဲ့တာကြောင့် သူတို့ရဲ့ တိုက်စစ်နဲ့ ကွင်းလယ်ပိုင်းက အခြား ထိပ်တန်းအသင်းတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသွားပေမယ့် ခံစစ်ကြောင်းကတော့ ရွေးချယ်စရာ ကစားသမား နည်းပါးမှုကြောင့် အသင်းရဲ့ အားအနည်းဆုံးနေရာ ဖြစ်နေပါတယ်။

အထူးသဖြင့် အာနိုးလ် တဦးထဲကိုသာ မှီခိုနေရတဲ့ ညာခြမ်းခံစစ်က လီဗာပူးရဲ့ ခံစစ်ကြောင်းမှာ အားအနည်းဆုံးနေရာ ဖြစ်နေပြီး လီဗာပူးရဲ့ နည်းပြချုပ် ကလော့ပ်က အဆိုပါ အားနည်းချက်ကို ဖာထေးနိုင်ဖို့ အတွက် လာမယ့် ဆောင်းဈေးကွက်မှာ ညာနောက်ခံလူသစ် တဦး ခေါ်ယူပေးဖို့ အသင်းရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေကို အသိပေးထားပါတယ်။

Photo Credit: JFA

လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တခု ဖြစ်တဲ့ Anfield Watchရဲ့ ဖော်ပြချက်အရ လီဗာပူးက သူတို့ရဲ့ ညာနောက်ခံနေရာ အတွက် အားဖြည့်မှု အဖြစ် အယ်လ်ခမာနဲ့အတူ တောက်ပနေတဲ့ ဂျပန်ညာနောက်ခံလူ ဆူဂါဝါရာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးဟာ ဆူဂါဝါရာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင်သာ သုံးစွဲရမယ်လို့ သိရပါတယ်။

အသက် ၂၃နှစ် အရွယ် ဂျပန်လက်ရွေးစင် ညာနောက်ခံလူ ဆူဂါဝါရာက လုပ်အားနှုန်း ကောင်းမွန်သလို အတက်အဆင်း မြန်တဲ့ ညာနောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ ကစားပုံက လီဗာပူး ဘယ်နောက်ခံလူ ရော်ဘတ်ဆန်နဲ့ ဆင်ကာ ဆူဂါဝါရာဟာ အေဇက် အယ်လ်ခမာ အတွက် ပြိုင်ပွဲစုံမှာ ၁၆၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။