ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးကနေ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့် တိုက်စစ်မှူး ဟယ်ရီကိန်းက သူဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ဖို့ မျှော်မှန်းထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်က အသက် ၃၀ အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၀၀သန်း အထိ ပေးချေကာ ခေါ်ယူထားတာ ဖြစ်ပြီး ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

ဟယ်ရီကိန်းရဲ့ ဘိုင်ယန်မြူးနစ် ကစားသမား ဘဝ အဖွင့်ပွဲ ဖြစ်တဲ့ ဂျာမန်စူပါဖလားပွဲမှာ ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်ကို အရေးနိမ့်ခဲ့ပေမယ့် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ် အတွက် ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ပေးရင်း ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းကို ပြသထားနိုင်ပါတယ်။

ဟယ်ရီကိန်း ရောက်လာမှုကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ ချန်ပီယံလိဂ်ကို ရယူနိုင်မယ့် ရေပန်းအစားဆုံးအသင်း ၃သင်းထဲ ပါဝင်နေပြီး ယခုနှစ်ရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကိုတော့ ဟယ်ရီကိန်းရဲ့ မွေးရပ်မြေ အင်္ဂလန်နိုင်ငံရဲ့ နိုင်ငံပိုင်ကွင်း ဖြစ်တဲ့ ဝင်ဘလေကွင်းမှာ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။

Photo Credit: Talksport

မွေးရပ်မြေမှာ ဥရောပရဲ့ အကြီးကျယ်ဆုံး ဆုဖလားကို ကိုင်မြှောက်နိုင်မယ့် အခွင့်အရေးက အလွယ်တကူ မရနိုင်တဲ့ အခွင့်အရေးမျိုး ဖြစ်တာကြောင့် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်နဲ့အတူ ဒီရာသီမှာ ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်ချင်နေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ကိန်းက သူဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဒီရာသီမှာ ချန်ပီယံလိဂ်ဆုဖလားကို သိမ်းပိုက်နိုင်ဖို့ ရည်မှန်းကာ ကြိုးစားနေကြောင်း ဆိုလာပါတယ်။

ကိန်းက – “ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ဝင်ဘလေကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။ ယူရို ၂၀၂၄ပြိုင်ပွဲကိုတော့ ဂျာမဏီနိုင်ငံမှာ ကျင်းပမှာပါ။ ဒီဖြစ်ရပ် ၂ခုစလုံးက ကျွန်တော့်အတွက် ဇာတ်လမ်း တပုဒ်လို ဖြစ်ချင် ဖြစ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ပြိုင်ပွဲ ၂ခုစလုံးမှာ ချန်ပီယံ ဖြစ်နိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားသွားပါမယ်။ ဒီပြိုင်ပွဲတွေမှာ ချန်ပီယံ ဖြစ်ဖို့ ဆိုတာ ခက်ပါတယ်။ ပြီးတော့ ပြိုင်ပွဲရဲ့ ချန်ပီယံကို အဖြေထုတ်ပေးမယ့် အချိန်ကလည်း အဝေးကြီး လိုပါသေးတယ်။ ဒါပေမယ့် တကယ်လို့သာ ကျွန်တော် တွေးထားတဲ့အတိုင်း ဖြစ်လာခဲ့မယ် ဆိုရင်တော့ အရမ်း အရမ်းကို ကောင်းပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။