ဒီနွေမှာ ပီအက်စ်ဂျီအသင်းကနေ ဆော်ဒီ ထိပ်သီးကလပ် အယ်လ် ဟီလာအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာက ဆော်ဒီလိဂ်ဟာ ပြင်သစ် လီဂူးဝမ်းပြိုင်ပွဲထက်တောင် ပိုကောင်းလာနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၁)နှစ်အရွယ် ဘရာဇီးလ် ကြယ်ပွင့်ကြီး နေမာက ဒီနွေမှာ ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းဆီ ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ကြွက်သားဒဏ်ရာ ခံစားနေရတာကြောင့် အသင်းနဲ့ ပွဲမထွက်နိုင်သေးတာပဲ ဖြစ်ပါတယ်။

Photo Credit : Marca

လက်ရှိမှာတော့ နေမာက ရာနှုန်းပြည့် ကြံခိုင်မှု မရှိသေးပေမယ့်လည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆင်နွဲရမယ့် ဘရာဇီးလ်အသင်းနဲ့ သွားရောက် ပူးပေါင်းနေပြီဖြစ်ပြီး ဒီနေ့ မနက်အစောပိုင်း ဘိုလစ်ဗီးယားနဲ့ ကစားခဲ့ရတဲ့ ပွဲစဥ်မှာတော့ အသင်းအတွက် ပြန်လည် ပါဝင်ကစားရင်း သွင်းဂိုး (၂)ဂိုးကို သွင်းယူသွားနိုင်ခဲ့ရာ အခုဆို နေမာက ဘရာဇီးလ်အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့ပါတယ်။

နေမာက ဘရာဇီးလ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်အတွင်းမှာတော့ “ကျွန်တော် ပျော်ရွှင်နေတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ ကြံခိုင်မှုကတော့ ရာနှုန်းပြည့် သိသိသာသာကြီး ကောင်းမွန်မနေပါဘူး။ ကျွန်တော် အယ်လ် ဟီလာအသင်းရဲ့ နောက်ဆုံးပွဲကိုပါ ကစားဖို့ လုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့် နည်းပြက ကျွန်တော့် ကြံခိုင်မှု အခြေအနေကြောင့် ခွင့်မပြုခဲ့လို့ ဘရာဇီးလ်ဆီပဲ ပြန်လာခဲ့ပါတယ်။”

Photo Credit : Business Upturn

“ဆော်ဒီလိဂ်ဆီကို ရောက်လာတဲ့ ကစားသမားတွေရဲ့ နာမည်ကို ကြည့်လိုက်မယ်ဆိုရင် ဆော်ဒီလိဂ်က လီဂူးဝမ်းထက် ပိုကောင်းနိုင်တယ်လို့ ကျွန်တော် အာမခံ ပြောနိုင်ပါတယ်။ ကျွန်တော် အယ်လ်ဟီလာအသင်းနဲ့ ဆုဖလားတွေ ဆွတ်ခူးချင်တယ်။ လူတွေကတော့ ကျွန်တော်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြင်သစ်ကို ပြောင်းတုန်းကလိုမျိုး ပြောနေကြတယ်။”

“ဆော်ဒီမှာ ချန်ပီယံဆုရဖို့ လွယ်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။ နာမည်ကြီးတွေ ကစားသမားတွေနဲ့ တခြားအသင်းတွေ ပိုအားကောင်းလာတယ်။ အခုဆိုရင် ဆော်ဒီလိဂ်က အရမ်း စိတ်ဝင်စားဖို့ကောင်းနေပြီး လူတွေလည်း စောင့်ကြည့်နေမယ်ဆိုတာ သေချာပါတယ်။” ပြောဆိုသွားခဲ့ပါတယ်။