၂၀၂၃-၂၀၂၄ ဥရောပ ဘောလုံးရာသီရဲ့ နွေဈေးကွက်က ယမန်နေ့မှာပဲ ပိတ်သွားခဲ့ပါပြီ။ အပြောင်းအရွှေ့ရာသီ ပိတ်သွားတာကြောင့် အသင်းတွေ ကြားထဲမှာ ကစားသမား အပြောင်းအရွှေ့တွေ လုပ်လို့ မရတော့ပေမယ့် ကစားသမား လိုအပ်ချက် ရှိနေတဲ့ အသင်းတွေက အသင်းလက်မဲ့ ဖြစ်နေတဲ့ ကစားသမားတွေကို ခေါ်ယူလို့ ရနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်က အလွတ်နဲ့ ခေါ်ယူလို့ ရနေသေးတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit: Goal

၄။ လင်ဂတ် (အသက် ၃၀နှစ်)

မန်ချက်စတာ ယူနိုက်တက် ၊ ဝက်စ်ဟမ်းနဲ့ နော်တင်ဟမ် ဖောရက်စ်တို့ရဲ့ ကစားသမားဟောင်း ဂျက်ဆီ လင်ဂတ်က အသင်းလက်မဲ့ ဖြစ်နေတဲ့ နာမည်ကြီး ကစားသမား တဦးပါ။ လင်ဂတ်က ကွင်းလယ်တိုက်စစ်နဲ့ ဘယ်ညာ တောင်ပံနှစ်ဖက်စလုံးမှာ ကစားနိုင်စွမ်း ရှိပြီး ကွင်းလယ်ပိုင်းကို အားဖြည့်ချင်နေတဲ့ အသင်းတွေက လင်ဂတ်ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူသင့်ပါတယ်။

Photo Credit: Marca

၃။ အီဒင် ဟာဇက် (အသက် ၃၂နှစ်)

တချိန်က ကမ္ဘာ့အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ဟာဇက်ဟာ ဘောလုံးသမား တယောက်ရဲ့ အကောင်းဆုံးအရွယ်ကို ရောက်နေပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် အသင်းလက်မဲ့ ကစားသမား ဖြစ်နေရသူပါ။ ချယ်လ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပန်းခဲ့ရပေမယ့် အခုချိန်မှာ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝနေပြီ ဖြစ်တာကြောင့် တိုက်စစ်ပိုင်းကို အားဖြည့်ချင်တဲ့ အသင်းတွေဟာ ဟာဇက်ကို ခေါ်ယူဖို့ စဉ်းစားသင့်ပါတယ်။

Photo Credit: Goal

၂။ ဆာဂျီယို ရာမို့စ် (အသက် ၃၇နှစ်)

ဝါရင့် စပိန်နောက်ခံလူ ဆာဂျီယို ရာမို့စ်က ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်နေသူပါ။ ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေပေမယ့် အခုချိန်အထိ ရာမို့စ်ရဲ့ ခြေစွမ်းက ကောင်းမွန်နေဆဲ ဖြစ်ပြီး ရာမို့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပီအက်စ်ဂျီရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ထိပ်တန်း ခံစစ်မှူး တဦး လိုချင်သလို ငွေကြေးလည်း မသုံးချင်တဲ့ နာမည်ကြီးအသင်းတွေက ရာမို့စ်ကို ကာလတိုစာချုပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Transfer Market

၁။ ဒီဂီယာ (အသက် ၃၂နှစ်)

ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ရွှေလက်အိတ်ဆုကို ရခဲ့တဲ့ ဒီဂီယာက အခုချိန်မှာတော့ မထင်မှတ်ပဲ အသင်းလက်မဲ့ ကစားသမား တဦး ဖြစ်နေပါပြီ။ ဒီဂီယာက လက်ရှိအချိန်အထိ လက်စွမ်းကောင်းတွေ ပြသနိုင်နေဆဲ ဖြစ်ပေမယ့် ဂိုးပေါက် ကာကွယ်မှု တခုထဲသာ လုပ်နိုင်တာကြောင့် ဘောလုံးပေးပို့မှု ကောင်းမွန်တဲ့ ဂိုးသမားတွေသာ အောင်မြင်နေတဲ့ မော်ဒန်ဘောလုံးလောကမှာ နေရာတခု ရဖို့ ရုန်းကန်နေရပါတယ်။ ဒါပေမယ့် ကိုယ့်အသင်းရဲ့ ဂိုးပေါက်အတွက် စိတ်ချရတဲ့ ဂိုးသမား တဦး လိုချင်တယ် ဆိုတဲ့ အသင်းတွေ အတွက် ဒီဂီယာက အရွေးချယ်သင့်ဆုံး ဂိုးသမားပါပဲ။