ပရီးမီးယားလိဂ် အင်အားကြီးကလပ် အာဆင်နယ်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဆာလီဘာက ယနေ့ညမှာ သူတို့အသင်းနဲ့ ယှဉ်ပြိုင် ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဒုတိယမြောက် အကောင်းဆုံး တိုက်စစ်မှူးပါလို့ ချီးကျူးသွားခဲ့ပါတယ်။

ဆာလီဘာရဲ့ အာဆင်နယ်နဲ့ ရက်ဖို့ဒ်ရဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဒီနေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၄) အဖြစ် အာဆင်နယ်ရဲ့ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်မှာ ရင်ဆိုင် ကစားကြဖို့ ရှိနေပြီး အဲ့ဒီပွဲမှာ ဆာလီဘာနဲ့ ရက်ဖို့ဒ်တို့က ထိပ်တိုက် တွေ့ဆုံကြဦးမှာပါ။

Photo Credit: The Sun

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ပြီးခဲ့တဲ့ရာသီမှာ တလှည့်စီ အပြန်အလှန် နိုင်ထားကြပြီး ရက်ဖို့ဒ်က အဆိုပါ ၂ပွဲမှာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့သလို အာဆင်နယ်ရဲ့ ခံစစ်ကြောင်းကို အဓိက ဒုက္ခပေးခဲ့သူလည်း ဖြစ်ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်က ဒီနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်ကို သွင်းဂိုးတွေ မပေးရချင်ရင် ရက်ဖို့ဒ်ကို ထိန်းချုပ်နိုင်ဖို့ လိုအပ်နေပြီး အာဆင်နယ် ဗဟိုခံစစ်မှူး ဆာလီဘာနဲ့ ညာခြမ်း ခံစစ်မှူး ဘန်ဝှိုက်တို့က ရက်ဖို့ဒ်ကို အဓိက တားဆီးရမယ့် ကစားသမားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Stretty News

မန်ချက်စတာ ယူနိုက်တက်နဲ့ မကစားခင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူး တခုမှာ အာဆင်နယ်နောက်ခံလူ ဆာလီဘာက ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ်ဟာ ထိန်းချုပ်ရ ခက်ခဲတဲ့ ကစားသမား ဖြစ်သလို ဟာလန်းပြီးရင် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဆာလီဘာက – “လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးကတော့ ဟာလန်းပါ။ သူပြီးရင်တော့ ရက်ဖို့ဒ်က အကောင်းဆုံးပါပဲ။ ဟာလန်းနဲ့ ရက်ဖို့ဒ်တို့ ပြီးရင် အိုင်ဆက်က အကောင်းဆုံးလို့ ထင်ပါတယ်။ ကျွန်တော်က အိုင်ဆက်နဲ့ ရင်ဆိုင်ပြီး မကစားဖူးသေးပါဘူး။ ဒါပေမယ့် သူ့ရဲ့ ကစားပုံကို ကြည့်ပြီး သူဟာ တိုက်စစ်မှူးကောင်း တဦး ဆိုတာ ပြောနိုင်ပါတယ်။ ရက်ဖို့ဒ်ကတော့ အရမ်း အရမ်း ကောင်းတဲ့ တိုက်စစ်မှူးပါ။ သူက နည်းစနစ်ပိုင်း ထူးချွန်သလို အရမ်းလည်း မြန်ပါတယ်။ သူက ရင်ဆိုင် ကစားဖို့ ခက်ခဲတဲ့ ကစားသမား တယောက်ပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။