အီတလီ စီးရီးအေ အင်အားကြီးကလပ် အေစီမီလန်က ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ အဓိက တိုက်စစ်မှူး တာရဲမီကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းလိုက်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အေစီမီလန်က စီးရီးအေရဲ့ ချန်ပီယံဆုကို ရရှိဖို့ အတွက် ဂျူဗင်တပ် ၊ နာပိုလီ ၊ အင်တာမီလန်တို့နဲ့ အပြိုင် ရေပန်းစားနေတဲ့ အသင်း ဖြစ်ပေမယ့် သူတို့အသင်းရဲ့ ကစားသမားအင်အားဟာ အတော်လေးကို အားနည်းနေဆဲ ဖြစ်ပြီး အေစီမီလန်က တိုက်စစ်ပိုင်းမှာ ဂျရူးနဲ့ အော်ရီဂီတို့ကိုသာ အားကိုးနေရပါတယ်။

Photo Credit: 90 Mins

ဂျရူးဟာ အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်လာသလို အော်ရီဂီကလည်း ယခု နွေဈေးကွက်အတွင်းမှာ အသင်းပြောင်းဖို့ ရှိနေတာကြောင့် အေစီမီလန်က ဆွစ်ဇာလန်တိုက်စစ်မှူး အိုကာဖော်ကို ခေါ်ယူထားသလို တာရဲမီကိုပါ ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေတာပါ။

အသက် ၃၁နှစ် အရွယ် အီရန်လက်ရွေးစင် တိုက်စစ်မှူး တာရဲမီက ၂၀၂၀ခုနှစ်မှာ ရီယိုအေ့ဗ်ကနေ ပေါ်တိုထံ ပြောင်းရွှေ့ကြေး ယူရို ၄.၅သန်း ဝန်းကျင်နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး သူက ပေါ်တိုထံ ရောက်ရှိချိန်ကတည်းက အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အေစီမီလန်က တာရဲမီအတွက် ပေါ်တိုထံ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့ခဲ့ပြီး အေစီမီလန်ရဲ့ ကမ်းလှမ်းမှုက ယူရို ၁၅သန်း ဝန်းကျင် တန်ကြေး ရှိကာ ပေါ်တိုကတော့ အေစီမီလန်ရဲ့ ကမ်းလှမ်းမှုကို လက်ခံမယ် ၊ လက်မခံဘူး ဆိုတာကို မကြာခင် အကြောင်းပြန်လိမ့်မယ်လို့ သိရပါတယ်။

အေစီမီလန်က တာရဲမီနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူထားနိုင်တာကြောင့် ပေါ်တိုနဲ့သာ ပြောင်းရွှေ့ကြေး အတွက် သဘောတူညီမှု ရရှိခဲ့ရင် တာရဲမီကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပြီး ပေါ်တိုကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး တာရဲမီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေပါတယ်။