ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး မိုဟာမက် ဆာလာကို ဒီနွေဈေးကွက်အတွင်းမှာ ဘယ်လိုနည်းနဲ့မှ ရောင်းချမှာ မဟုတ်ကြောင်း နယူးကာဆယ် ၁-၂ လီဗာပူး ပွဲအပြီးမှာ အတိအလင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် အီဂျစ်လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာက ရိုးမားကနေ လီဗာပူးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက လီဗာပူးအတွက် ပြိုင်ပွဲစုံမှာ ၃၀၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၈၇ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Standard

ဆာလာက လီဗာပူးအတွက် မရှိမဖြစ် ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာပဲ သူ့ကို တပတ် လုပ်ခလစာ ပေါင် ၄သိန်းခွဲနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် တရပ် ချုပ်ဆိုခဲ့တာပါ။

ယခု နွေဈေးကွက် အတွင်းမှာတော့ ဆော်ဒီ ထိပ်သီးကလပ် အယ် အီတီဟတ်က ဆာလာကို ခေါ်ယူဖို့ အတွက် ကြိုးစားနေပြီး အီတီဟတ်က ဆာလာအတွက် လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ပေးချေဖို့ အသင့် ဖြစ်နေသလို ဆာလာကိုလည်း တနှစ် လုပ်ခလစာ ယူရို ၁၀၀သန်း ဝန်းကျင် အထိ ပေးမယ် ဆိုပြီး ကမ်းလှမ်းထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် တချို့ရဲ့ ဖော်ပြချက်အရ ဆာလာက အီတီဟတ်ဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ လီဗာပူးထံ တောင်းဆိုခဲ့ပေမယ့် လီဗာပူးနည်းပြချုပ် ကလော့ပ်က ဆာလာကို အသင်းပြောင်းခွင့် မပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၂ လီဗာပူး ပွဲအပြီးမှာလည်း လီဗာပူးနည်းပြ ကလော့ပ်က သူတို့အသင်းဟာ အီတီဟတ်နဲ့ ဆာလာရဲ့ အပြောင်းအရွှေ့ကိစ္စကို ထပ်မံ စဉ်းစားတော့မှာ မဟုတ်ကြောင်း အပြတ် ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်က – “အီတီဟတ်နဲ့ ဆာလာရဲ့ အပြောင်းအရွှေ့ သတင်းတွေက မပြီးသေးဘူးလား။ ကျွန်တော့်အတွက် အဲ့ဒီသတင်းက ပြီးဆုံးသွားပါပြီ။ (ဆာလာကို အီတီဟတ်ဆီ မရောင်းချမယ့် အကြောင်း ရည်ရွယ်လျက်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။