ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်သူ မိုဟာမက် ဆာလာက ယခု နွေဈေးကွက် အတွင်းမှာပဲ ဆော်ဒီ ထိပ်သီးကလပ် အစ်တီဟတ်ဆီ ပြောင်းရွှေ့ချင်ကြောင်း လီဗာပူးထံ အသိပေးခဲ့တယ်လို့ နာမည်ကြီး သတင်းရင်းမြစ် တချို့က ဖော်ပြလာခဲ့ပါတယ်။

အစ်တီဟတ်က ယခု နွေဈေးကွက်အတွင်းမှာ ဘန်ဇီမာ ၊ ကန်တီတို့လို ကမ္ဘာ့အဆင့် ကြယ်ပွင့် ကစားသမားတွေကို ခေါ်ယူထားပေမယ့် သူတို့ရဲ့ ကစားသမား အင်အားပိုင်းကို သဘောမကျသေးတာကြောင့် ဆာလာလို ကြယ်ပွင့် တိုက်စစ်မှူးကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ အစ်တီဟတ်က ဆာလာအတွက် လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းတန် ကမ်းလှမ်းမှု တရပ် ပေးပို့ထားသလို ဆာလာဆီလည်း တရားဝင် ဆက်သွယ်ကာ သူတို့အသင်းဆီ ပြောင်းလာရင် တနှစ် လုပ်ခလစာ ယူရို ၇၀သန်းနဲ့ ၁၀၀သန်းကြား ပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။

ကနဦးမှာ ဆာလာက အစ်တီဟတ်ဆီ ပြောင်းရွှေ့ဖို့ စိတ်မဝင်စားသေးပေမယ့် အစ်တီဟတ်က ဆာလာကို လုပ်ခလစာ အပြင် နေထိုင်ဖို့ အတွက် ဇိမ်ခံအိမ် ၊ မိသားစုအတွက် ဇိမ်ခံကား ၃စီး ၊ အပျင်းပြေ လျှောက်လည်ဖို့ အတွက် ရဟတ်ယာဉ် ၁စီးတို့ စီစဉ်ပေးမယ်လို့ ထပ်တိုး ကမ်းလှမ်းခဲ့သလို ပုံရိပ်အသုံးပြုခွင့်ကိုလည်း ၁၀၀ရာခိုင်နှုန်း ခံစားခွင့် ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

Photo Credit: Goal

အစ်တီဟတ်ရဲ့ ကမ်းလှမ်းချက်တွေက ငြင်းဆန်ဖို့ ခက်ခဲတဲ့ ကမ်းလှမ်းမှုတွေ ဖြစ်တာကြောင့် ဆာလာနဲ့ သူ့ရဲ့ မိသားစုဝင်တွေက အစ်တီဟတ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြပြီး ဆာလာက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ သူ့ရဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဖြစ်သူ ဂါလက်တီရဲ့ ဖော်ပြချက်အရ ဆာလာက လီဗာပူးရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ သူဟာ အစ်တီဟတ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားကြောင်းနဲ့ အစ်တီဟတ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံပေးစေချင်ကြောင်း စတဲ့ အချက်တွေ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goalသတင်းဌာနကလည်း ဂါလက်တီရဲ့ သတင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး လီဗာပူးနည်းပြချုပ် ကလော့ပ်က သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဆာလာကို မရောင်းချဘူးလို့ ပြောကြားထားပေမယ့် လီဗာပူးရဲ့ တာဝန်ရှိသူတွေကတော့ ဆာလာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ဝန်းကျင် ရရှိရင် ဆာလာကို ရောင်းချဖို့ စဉ်းစားနေကြပါတယ်။