ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ အိုင်ဗန် တိုနေးက သူဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးကို ငယ်စဉ်ကတည်းက အားပေးလာခဲ့သူ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အင်္ဂလန်တိုက်စစ်မှူး အိုင်ဗန် တိုနေးက ဘရန့်ဖို့ဒ်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လောင်းကစားတွေ လုပ်မိခဲ့တာကြောင့် ကာလရှည် ပွဲပယ်ပြစ်ဒဏ် ကျခံထားရသူ ဖြစ်ပါတယ်။

Photo Credit: Standard

အိုင်ဗန် တိုနေးက လောင်းကစား လုပ်မိခဲ့တာကြောင့် လာမယ့် ၂၀၂၄ခုနှစ် ရောက်မှသာ ဘရန့်ဖို့ဒ်အတွက် ပြန်ကစားပေးနိုင်မှာ ဖြစ်ပေမယ့် ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ အဓိက တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ကြီးမားတဲ့ ပြစ်ဒဏ်တွေ မချမှတ်ခဲ့သလို တိုနေး တယောက် ဘောလုံးကွင်းတွေနဲ့ ဝေးနေချိန်မှာ ပုံမှန် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ အသင်းရဲ့ နည်းပြတယောက်ကိုပါ တိုနေးဆီ စေလွှတ်ကာ လေ့ကျင့်ခန်းတွေ အတူတူ ဆင်းခိုင်းထားပါတယ်။

တိုနေးက ၂၀၂၀ခုနှစ်မှာ ပီတာဘရော့ ကနေ ဘရန့်ဖို့ဒ်ထံ ပြောင်းရွှေ့ကြေး ယူရို ၅.၆သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူက ဘရန့်ဖို့ဒ် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၂၄ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆၈ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၂၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Football 365

တိုနေးက ပရီးမီးယားလိဂ်ရဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်တာကြောင့် မကြာခင်မှာ အသင်းကြီး တသင်းဆီ ပြောင်းရွှေ့နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံထားရပြီး တိုနေးကတော့ သူဟာ လီဗာပူးရဲ့ အမာခံ ပရိသတ် ဖြစ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အာဆင်နယ်ရဲ့ ကစားပုံကိုလည်း ကြိုက်ကြောင်း ပြောလာခဲ့ပါတယ်။

တိုနေးက – “ကျွန်တော်က လီဗာပူးပရိသတ်ပါ။ ကျွန်တော်က ကျွန်တော့်ရဲ့ ဘဝတခုလုံး လီဗာပူးကိုပဲ အားပေးခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်က အာဆင်နယ်ကိုလည်း ကြိုက်ပါတယ်။ ကျွန်တော်က အာဆင်နယ်ရဲ့ ပွဲတွေကို စောင့်ကြည့်ရတာ ကြိုက်သလို သူတို့အသင်းရဲ့ ကစားပုံနဲ့ ပရိသတ်တွေရဲ့ အားပေးပုံကိုလည်း သဘောကျပါတယ်။ ဒါပေမယ့် ကျွန်တော်က လီဗာပူး တသင်းထဲကိုပဲ အမာခံ အားပေးတာပါ။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာလည်း လီဗာပူးပဲ ရှိပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။