အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်က ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ ခံစစ်မှူး တဦး ဖြစ်သူ ပါဗတ်ကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ရော ၊ ဘိုင်ယန်မြူးနစ်နဲ့ပါ ပဏာမ သဘောတူညီမှု တရပ် ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ခံစစ်မှူး ပါဗတ်က ဗဟိုခံစစ်နဲ့ ညာနောက်ခံ နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် ခံစစ်မှူး တဦး ဖြစ်သလို လိုအပ်ရင် ကွင်းလယ်ခံစစ်နဲ့ ညာတောင်ပံ ကစားသမား အဖြစ်ပါ ကစားနိုင်တဲ့ တိုက်စစ်အားသန် ခံစစ်မှူးပါ။

Photo Credit: Standard

ပါဗတ်က ခံစစ်ရဲ့ နေရာစုံမှာ ဆော့ကစားနိုင်စွမ်း ရှိတာကြောင့် ဘိုင်ယန်မြူးနစ် နည်းပြချုပ် တူဟယ်လ်က ပါဗတ်ကို အသင်းမှာသာ ဆက်ထိန်းထားဖို့ စီစဉ်ခဲ့ပေမယ့် ပါဗတ်ကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာကြောင့် အသင်းပြောင်းဖို့သာ ဆုံးဖြတ်ထားပြီး သူ့ကို ဒီနွေဈေးကွက်မှာ အသင်းပြောင်းခွင့် မပေးရင် လာမယ့် နွေဈေးကွက်မှာ အလွတ်နဲ့ အသင်းပြောင်းမယ်လို့ ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေဆီ အသိပေးခဲ့ပါတယ်။

တဖက်မှာတော့ အင်တာမီလန်က ယခု နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ အဓိက ဗဟိုခံစစ်မှူး ဖြစ်သူ ရှကရီညာကို ဆုံးရှုံးထားရတာကြောင့် အင်တာမီလန်နည်းပြချုပ် အင်ဇာဂီက ထိပ်တန်း ခံစစ်မှူး တဦးကို ခေါ်ယူချင်နေပြီး ပါဗတ်ဟာ အင်တာမီလန်ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: French Football

ကနဦးမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်က အင်တာမီလန်နဲ့အပြိုင် ပါဗတ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် မန်ချက်စတာ ယူနိုက်တက် ဗဟိုခံစစ်မှူး မက်ဂွိုင်းယားနဲ့ ဝက်စ်ဟမ်းတို့ရဲ့ အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့တာကြောင့် အင်တာမီလန်က တသင်းထဲ လွတ်လွတ်ကျွတ်ကျွတ်နဲ့ ပါဗတ်ကို ခေါ်ယူဖို့ အတွက် ကြိုးစားခွင့် ရခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အင်တာမီလန်က ပါဗတ်ကို ခေါ်ယူဖို့ အတွက် ဘိုင်ယန်မြူးနစ်နဲ့ရော ၊ ကစားသမားနဲ့ပါ ပဏာမ သဘောတူညီမှု ရရှိခဲ့ပြီး အင်တာမီလန်က ပါဗတ်အတွက် ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကျော် ပေးချေရမှာ ဖြစ်ကာ ဘိုင်ယန်မြူးနစ်က ပါဗတ်ရဲ့ နေရာကို အစားဝင်မယ့် ကစားသမားသစ် တဦး ခေါ်ယူပြီးတာနဲ့ ပါဗတ်ကို အင်တာမီလန်ထံ ပြောင်းရွှေ့ခွင့် ပေးတော့မယ်လို့ သိရပါတယ်။