ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ တိုက်စစ်မှူးသစ် ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာတာဟာ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ဖို့ အတွက် ဖြစ်ပြီး ဝင်ဘလေကွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒီနှစ်ရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၀ အရွယ် အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦး စာရင်းထဲမှာ ပါဝင်သူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကျော် အထိ ပေးကာ ခေါ်ယူခဲ့တာပါ။

Photo Credit: Standard

ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်နဲ့ ၄နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပြီး ဟယ်ရီကိန်းက သူ့ရဲ့ ဘိုင်ယန်မြူးနစ် ကစားသမားဘဝ ပထမဦးဆုံးပွဲ အဖြစ် ဂျာမန်စူပါဖလားပွဲမှာ ဝင်ရောက် ကစားခဲ့ပေမယ့် အဆိုပါပွဲမှာ ဘိုင်ယန်မြူးနစ်ဟာ လိုက်ပ်ဇစ်ကို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်း မရှိပါဘူး။

ဟယ်ရီကိန်းရဲ့ ဘိုင်ယန်မြူးနစ် အဖွင့်ပွဲ မလှပခဲ့ပေမယ့် ဟယ်ရီကိန်းကတော့ သူဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဆုဖလားပေါင်း များစွာ ဆွတ်ခူးနိုင်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပြီး ဟယ်ရီကိန်းက သူဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဒီရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Mirror

ဟယ်ရီကိန်းက – “ကျွန်တော်က ချန်ပီယံလိဂ်ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာတာပါ။ ဒီအသင်းနဲ့သာဆိုရင် ကျွန်တော်က ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ဖို့ ပိုမို အခွင့်အလမ်း များပြားတယ်လို့လည်း ယုံကြည်ပါတယ်။ တကယ်လို့ ဒီရာသီမှာသာ ဝင်ဘလေကွင်းထဲ အရောက်လှမ်းနိုင်ခဲ့ရင် ပိုပြီးတော့ ပျော်စရာကောင်းမှာ သေချာပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဥရောပဘောလုံးအဖွဲ့ချုပ် UEFAက ဒီရာသီရဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အင်္ဂလန်ရဲ့ အထင်ကရကွင်း ဖြစ်တဲ့ ဝင်ဘလေကွင်းထဲမှာ ကျင်းပဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်က မန်ချက်စတာ စီးတီး ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အတူ ချန်ပီယံလိဂ် ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံး အသင်း ၃သင်း စာရင်းထဲမှာ ပါဝင်နေပါတယ်။