ပီအက်စ်ဂျီအသင်းက ဒီနွေမှာ ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းဆီ ရောင်းချသွားရတော့မယ့် နေမာရဲ့ နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် ဂျုဗင်တပ်စ်ရဲ့ အီတလီ ကစားသမား ခီယေဇာကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

နာမည်ကြီး ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းက ဘရာဇီးလ် စူပါစတား ကစားသမား နေမာကို ပီအက်စ်ဂျီကနေ ပြောင်းရွှေ့ကြေး ယူရို သန်း(၉၀)ဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး တစ်နှစ်လုပ်ခကိုလည်း ပြောင်းရွှေ့ကြေး နီးပါးလောက်အထိ ပေးချေသွားမှာပဲ ဖြစ်ပါတယ်။

Photo Credit : Transfermarket

ပီအက်စ်ဂျီဟာ နေမာ အသင်းကနေ မထွက်ခွာခင်ကတည်းက အူစမန် ဒမ်ဘီလီ နဲ့ ဂွန်ဆာလို ရာမို့စ်တို့လို တိုက်စစ် ကစားသမားတွေကို ခေါ်ယူ ဖြည့်တင်းထားခဲ့သလို ကီလီယန် အမ်ဘာပေနဲ့လည်း တင်းမာမှုတွေ မရှိတော့တာမို့ တိုက်စစ်ပိုင်းက အားကောင်းနေသေးတယ်လို့ ယူဆနိုင်ပေမယ့် နောက်ထပ် တိုက်စစ် ကစားသမားတစ်ဦးခန့်လောက် ထပ်မံ ဖြည့်တင်းသွားချင်နေပြန်ပါတယ်။

လက်ရှိ ပီအက်စ်ဂျီ စိတ်ဝင်စားနေတဲ့ ကစားသမားကတော့ အသက် (၂၅)နှစ်အရွယ် အီတလီ တောင်ပံ တိုက်စစ် ကစားသမား ဖက်ဒရီကို ခီယေဇာဖြစ်ပြီး ဒီ left winger player အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း(၅၀)လောက်အထိ အသုံးပြုသွားဖို့လည်း ရှိနေပါတယ်။

Photo Credit : Transfermarket

အီတလီ ကြယ်ပွင့် ကစားသမား ခီယေဇာက ဘယ်တောင်ပံ ညာတောင်ပံ တောင်ပံနှစ်ဖက်လုံး ပြောင်းလဲ ကစားနိုင်သလို နောက်ချန် တိုက်စစ်နေရာမှာလည်း ကစားတတ်ပါသေးတယ်။ ဒီကစားသမားရဲ့ လက်ရှိတန်ကြေးကတော့ ယူရို သန်း(၄၀)ဝန်းကျင်လောက်သာ ရှိပေမယ့် ပီအက်စ်ဂျီက ခီယေဇာအတွက် ယူရို သန်း(၅၀)ထိ သုံးစွဲဖွယ်လည်း ရှိနေပါတယ်။

ဒါပေမယ့် လက်ရှိ ပီအက်စ်ဂျီအသင်းရဲ့ ဦးစားပေး ကိစ္စရပ်ကတော့ ဘာပေကို အသင်းမှာ ဆက်ထိန်းထားရေးဖြစ်ပြီး လာမယ့် ၂၀၂၄ခုနှစ်မှာ အသင်းကနေ အလွတ်နဲ့ မထွက်ခွာရအောင် အသင်းရော ကစားသမားပါ အဆင်ပြေစေနိုင်မယ့် နည်းလမ်းမျိုး ဖြစ်လာအောင် အသေအချာ ဆွေးနွေး ညှိနှိုင်းလျက် ရှိနေပါတယ်။