ဘရာဇီးလ် စူပါစတား တိုက်စစ် ကစားသမား နေမာဟာ ဆော်ဒီကလပ် အယ်လ် ဟီလာအသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေပါ စတင် လုပ်ဆောင်နေပြီလို့ နာမည်ကျော် ဗြိတိန် ဘောလုံး သတင်းထောက် ဒေးဗစ် အွန်စတိန်းက ဖော်ပြလာခဲ့ပါတယ်။
ကစားသမားကောင်းတွေကို ဆက်တိုက် ခေါ်ယူထားတဲ့ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် ဟီလာအသင်းဟာ နေမာလို ကမ္ဘာ့အဆင့် ကစားသမားကိုပါ (၂)နှစ်စာချုပ်နဲ့ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိခဲ့တဲ့အတွက် လက်ရှိမှာ ဆေးစစ်မှုတွေပါ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Photo Credit : Twitter
အသက် (၃၁)နှစ်အရွယ် ဆမ်ဘာကြယ်ပွင့် နေမာကို အယ်လ် ဟီလာအသင်းက တစ်နှစ်လုပ်ခ ယူရို သန်း(၉၀)နဲ့ (၂)နှစ်စာအတွက် ယူရို သန်း(၁၈၀)အထိ ပေးချေသွားဖို့ ကမ်းလှမ်းခဲ့ရာ နေမာကလည်း လက်ခံထားခဲ့ပါတယ်။
အခုတော့ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီ ကစားသမားဟောင်း နေမာက အယ်လ် ဟီလာအသင်းနဲ့ ဆေးစစ်မှု ပထမပိုင်းကိုပါ စတင် လုပ်ဆောင်လို့နေပြီ ဖြစ်ပြီး အယ်လ် ဟီလာမှာလည်း သူနဲ့ တစ်နိုင်ငံတည်းတွေဖြစ်တဲ့ မယ်လ်ကွန်နဲ့ပါ အသင်းဖော်တွေ ဖြစ်လာပါတော့မယ်။
Photo Credit : Tribun Baten
ဒီနွေမှာ မက်ဆီ နဲ့ ဘာပေတို့ကို ခေါ်ယူဖို့အထိပါ ကြိုးပမ်းခဲ့ဖူးတဲ့ အယ်လ် ဟီလာအသင်းဟာ နေးဗက်စ် ကူလီဘာလီ မီလင်ကိုဗစ်ဆာဗစ် နဲ့ မယ်လ်ကွန်တို့ကို ခေါ်ယူထားသလို အခုလည်း နေမာ နဲ့ မီထရိုဗစ်တို့ကိုပါ ထပ်မံ ခေါ်ယူသွားဖို့ ရှိနေပါတယ်။
အယ်လ် ဟီလာအနေနဲ့ နေမာကိုသာ ခေါ်ယူနိုင်လိုက်မယ်ဆိုရင်တော့ သူတို့အသင်းရဲ့ ကစားသမား အင်အားက တခြားသော ဆော်ဒီကလပ်တွေ အားလုံးထက် ပိုမို တောင့်တင်းသွားမှာဖြစ်ပြီး မီထရိုဗစ်ပါ ထပ်ရလိုက်မယ်ဆိုရင်တော့ သူတို့အသင်းက ကြောက်စရာကောင်းသွားမှာ သေချာနေပါတယ်။