ပီအက်စ်ဂျီ အသင်းဥက္ကဌ နာဆာ အယ်ခီလိုင်ဖီက အသင်းရဲ့ စူပါစတား ကစားသမားဖြစ်သူ ကီလီယန် အမ်ဘာပေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ဂရုတစိုက် ပြန်လည် လုပ်ဆောင်နေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။

ပြင်သစ် လက်ရွေးစင် တိုက်စစ် ကစားသမား ဘာပေက မနှစ်က နွေရာသီထဲ အသင်းနဲ့ သက်တမ်းတိုးခဲ့ရာမှာ ၂၀၂၅ခုနှစ် ထပ်တိုးခွင့် option ကို ထပ်သွင်းထားခဲ့ပေမယ့်လည်း သူ့အနေနဲ့ ဒီ option အတိုင်း လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ အသိပေးခဲ့ရာကနေ ပြသာနာတွေက စတင် ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

Photo Credit : Twitter

ဒီလို အသင်းထံ အသိပေးမှုနောက်မှာ ပီအက်စ်ဂျီက ရာသီကြို ခြေစမ်းပွဲ ခရီးစဉ်အတွင်း ဘာပေကို အသင်းရဲ့ လူစာရင်းကနေ ဖယ်ရှားခဲ့သလို ပီအက်စ်ဂျီ ပထမအသင်းနဲ့ လေ့ကျင့်ခန်းဆင်းမှုကိုပါ တားမြစ်ခဲ့တဲ့အထိ ဖြစ်လာခဲ့ရပါတယ်။

ဒီလိုတွေ လုပ်ဆောင်မှုကို အားမရသေးလို့ ပီအက်စ်ဂျီက ဘာပေကို အရောင်းစာရင်းတင်ခဲ့ရာ အယ်လ် ဟီလယ်ရဲ့ ကမ္ဘာ့စံချိန်တင် ကမ်းလှမ်းမှုကြီးတွေနဲ့ ကမ်းလှမ်းလာခဲ့ရာ ဘာပေက လုံးဝ ငြင်းဆန်ခဲ့သလို ဒီနွေမှာ ဘယ်အသင်းဆီမှ မပြောင်းရွှေ့ပဲ ပီအက်စ်ဂျီမှသာ ဆက်လက် ရှိနေမယ်လို့ပါ တုံ့ပြန်ခဲ့ပါသေးတယ်။

Photo Credit : Eurosport

ဘာပေ နဲ့ ပီအက်စ်ဂျီတို့ကြားက တင်းမာမှုတွေဟာ ဆက်လက် ရှိနေခဲ့ရင်း အသင်းရဲ့ လီဂူး အဖွင့်ပွဲမှာပါ ဘာပေကို Team Squad ထဲကနေ ချန်လှပ်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ ပီအက်စ်ဂျီက ဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒီပွဲအပြီး နောက်တစ်ရက်မှာတော့ ဘာပေ နဲ့ ပီအက်စ်ဂျီတို့ကြား ထူးခြားမှုတွေ ပြန်လည် ဖြစ်ပေါ်လာခဲ့ရပါတော့တယ်။

လော်ရီးယန့်နဲ့ ပွဲအပြီး ဘာပေနဲ့ ပီအက်စ်ဂျီတို့ ဆွေးနွေးမှုတွေ လုပ်ဆောင်ရင်း အပြုသဘောဆောင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာကနေ နောက်ဆုံးမှာတော့ ပီအက်စ်ဂျီဘက်က ဘာပေကို ပထမအသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ပြုခဲ့သလို လက်ရှိ စာချုပ်အတိုင်း ၂၀၂၄မှာ အသင်းကနေ အလွတ်နဲ့ မထွက်ခွာဖို့ ၊ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့တွေအထိကိုပါ မတူညီတဲ့ options တွေနဲ့ ဆွေးနွေး ညှိနှိုင်းလျက် ရှိနေပါတယ်။