ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကို ပိုင်ဆိုင်တဲ့ ကာတာစော်ဘွားအုပ်စုက အသင်းနဲ့ စာချုပ်သစ် မချုပ်တော့ပဲ လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းဖို့ စီစဉ်နေတဲ့ တိုက်စစ်မှူး အမ်ဘာပေကို ဒီနွေမှာသာ အသင်းမပြောင်းခဲ့ရင် ရာသီသစ်မှာ ၁မိနစ်တောင် ကစားခွင့် မပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာမှ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့သူ ဖြစ်ပေမယ့် သူက စာချုပ်မှာ ပါဝင်တဲ့ ၁နှစ် သက်တမ်းတိုးခွင့်ကို အသုံးမပြုဖို့ ဆုံးဖြတ်ထားတာကြောင့် ပီအက်စ်ဂျီနဲ့ ပြဿနာ တက်နေတာပါ။

Photo Credit: Team Talk

ပီအက်စ်ဂျီက အမ်ဘာပေကို စာချုပ်သစ် ချုပ်ဆိုချိန်မှာ ၂၀၂၅ခုနှစ် ရောက်ရင် အသင်းကနေ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ထွက်ခွာခွင့် ပေးမယ်လို့ ကတိပေးထားပေမယ့် အမ်ဘာပေကတော့ ၂၀၂၅ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာကာ လက်မှတ်ထိုးကြေး သန်းပေါင်းများစွာ ရယူဖို့ ကြံစည်နေတာပဲ ဖြစ်ပါတယ်။

အမ်ဘာပေရဲ့ ကတိမတည်မှုကြောင့်ပဲ ပီအက်စ်ဂျီနဲ့ အမ်ဘာပေရဲ့ ကြားထဲမှာ အက်ကြောင်းတွေ ပေါ်လာသလို ပီအက်စ်ဂျီက ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်း ဝန်းကျင် အသုံးပြုကာ ခေါ်ယူထားတဲ့ အမ်ဘာပေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ချင်တာကြောင့် ယခု နွေဈေးကွက်ထဲမှာပဲ ရောင်းချဖို့ စီစဉ်ခဲ့ပါတယ်။

Photo Credit: Football 365

ဒါပေမယ့် အမ်ဘာပေကတော့ ပီအက်စ်ဂျီရဲ့ အသင်းပြောင်းဖို့ တောင်းဆိုမှုကို ထပ်မံ ငြင်းဆန်ခဲ့တာကြောင့် ပီအက်စ်ဂျီရဲ့ ပိုင်ရှင် ဖြစ်တဲ့ ကာတာရင်းနှီးမြှုပ်နှံမှုအုပ်စုက အမ်ဘာပေကို အလွန်အမင်း ဒေါသထွက်နေပြီး အသင်းကြီးနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ပိတ်ကာ အသင်းပြောင်းဖို့ ဖိအားပေးနေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဘရူနို အန်ဒရိတ်ရဲ့ ဖော်ပြချက်အရ ကာတာရင်းနှီးမြှုပ်နှံမှုအုပ်စုက အမ်ဘာပေရဲ့ တကိုယ်ကောင်းဆန်တဲ့ အပြုအမူတွေ အတွက် အတော်လေး ဒေါသထွက်နေကြပြီး အမ်ဘာပေကသာ ဒီနွေဈေးကွက်မှာ အသင်းမပြောင်းခဲ့ရင် ရာသီသစ်မှာ ၁မိနစ်တောင် ကစားခွင့် မပေးဖို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။