ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ကာရေဂါကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ယခု နွေဈေးကွက် အတွင်းမှာ ဆောက်သမ်တန် လူငယ်ကြယ်ပွင့် လာဗီယာကို ​လျှော့ဈေးနဲ့ ခေါ်ယူဖို့ ကြိုးစားနေမယ့်အစား ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို စံချိန်တင် ပြောင်းရွှေ့ကြေး ပေးကာ ခေါ်သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ဂျာမန်လူမျိုး ထိပ်သီးနည်းပြ ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရတာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို တတ်နိုင်သလောက် အင်အားဖြည့်တင်းဖို့ ကြိုးစားနေပေမယ့် အသင်းကနေ ထွက်သွားတဲ့ ကစားသမား အများအပြား ရှိနေတာကြောင့် သူတို့ရဲ့ ကစားသမားအင်အားက မတိုးတက်လာပဲ ပိုမို လျော့နည်းနေပါတယ်။

Photo Credit: Team Talk

လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ အာဂျင်တီးနား ကွင်းလယ်ကြယ်ပွင့် အယ်လစ္စတာ ၊ ဟန်ဂေရီ ကွင်းလယ်ကြယ်ပွင့် ဆိုဘော့ဇလိုင်းတို့ကို ခေါ်ယူထားနိုင်ပေမယ့် မီလ်နာ ၊ ချိန်ဘာလိန် ၊ နာဘီကီတာ စတဲ့ ကွင်းလယ်လူတွေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးခဲ့သလို ဖာဘင်ဟိုနဲ့ ဟန်ဒါဆန်တို့လို အဓိက ကွင်းလယ်လူတွေကိုလည်း ဆော်ဒီကလပ်တွေဆီ ရောင်းချထားပါသေးတယ်။

ကွင်းလယ်ပိုင်း အတွက် ကစားသမား ၂ဦးထဲသာ ခေါ်ယူထားနိုင်ချိန်မှာ ကစားသမား ၅ဦး အထိ ထွက်ခွာခွင့် ပြုထားတာကြောင့် လီဗာပူးက လက်ကျန် နွေဈေးကွက် အတွင်းမှာ အနည်းဆုံး ကွင်းလယ်လူ ၁ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ လီဗာပူးက ဆောက်သမ်တန်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် လာဗီယာကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

Photo Credit: Football 365

လီဗာပူးက လာဗီယာကို ခေါ်ယူဖို့ ဆောက်သမ်တန်နဲ့ တရားဝင် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ်နေပေမယ့် အခုချိန်အထိ နှစ်သင်းကြားမှာ သဘောတူညီမှု မရသေးပဲ ဆောက်သမ်တန်က လာဗီယာအတွက် ပေါင် ၅၀သန်း တောင်းဆိုထားချိန်မှာ လီဗာပူးက အမြင့်ဆုံး ပေါင် ၄၆သန်းနဲ့ ကမ်းလှမ်းထားတာကြောင့် သဘောတူညီမှု ရဖို့ ခက်ခဲနေတာပါ။

လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ကာရေဂါကတော့ လီဗာပူးဟာ လာဗီယာကို တကယ် လိုချင်ရင် ဈေးမဆစ်သင့်သလို လာဗီယာဟာ ပေါင် ၅၀သန်းနဲ့ မတန်ဘူး ထင်ရင် ပိုက်ဆံ ထပ်စိုက်ပြီး ကိုင်စီဒိုကို ခေါ်ယူသင့်ကြောင်း ဆိုလာပါတယ်။ ကာရေဂါက – “ဒါက တကယ်ကို ရှက်စရာကောင်းပါတယ်။ (လာဗီယာအတွက် ဆောက်သမ်တန်နဲ့ သဘောတူညီမှု မရသေးတဲ့ အပေါ် ရည်ရွယ်လျက်) လီဗာပူးက နှစ်ပေါင်းများစွာ အပြောင်းအရွှေ့တွေကို လွယ်လွယ်ကူကူ ၊ မြန်မြန်ဆန်ဆန်နဲ့ အဆုံးသတ်ခဲ့တဲ့ အသင်းပါ။ တကယ်လို့ ခင်ဗျားတို့က လာဗီယာဟာ ပေါင် ၅၀သန်း မတန်ဘူး ထင်ရင် တခြား ကစားသမား တယောက်ကို ပြောင်းခေါ်ပါ။ တကယ်လို့ သူ့ကို အရမ်း လိုချင်ပါတယ် ဆိုရင် ပေါင် ၅၀သန်း ပေးလိုက်ပါ။ ပြီးတော့ ဘာကြောင့် လီဗာပူးက ကိုင်စီဒိုကို မခေါ်တာလဲ ဆိုတာကို နားမလည်နိုင်ပါဘူး။ လီဗာပူးက ဖာဘင်ဟိုနဲ့ ဟန်ဒိုတို့ကို ရောင်းချပြီး ပိုက်ဆံတွေ အများကြီး ရထားတာလေ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။