ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို အောင်မြင်ကျော်ကြားတဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် ရပ်တည်နေတဲ့ ဂယ်ရီ လိုင်နီကာကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တရာသီလုံးနီးပါး ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီကုန်မှာ မန်ချက်စတာ စီးတီးဆီ ချန်ပီယံဘွဲ့ လွှဲပေးခဲ့ရတဲ့ အာဆင်နယ်ဟာ ရာသီသစ်မှာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

စပိန်လူမျိုး ထိပ်သီးနည်းပြ မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံး ကစားသမား အစုအဖွဲ့ကို ပိုင်ဆိုင်ထားပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ တည်ငြိမ်တဲ့ ခြေစွမ်းကောင်း တရပ်ကို ထုတ်ပြနိုင်ခဲ့ပြီး အဓိက ကစားသမားတွေ ဒဏ်ရာရတာနဲ့ ပွဲပန်းတာတွေသာ မကြုံခဲ့ရရင် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့မှာပါ။

Photo Credit: Sky Sports

ကစားသမားအင်အား နည်းပါးမှုကြောင့် ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လွှတ်ခဲ့ရပြီးနောက် အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အာဆင်နယ်က သူတို့ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဒီကလန်ရိုက်စ် ၊ ကိုင် ဟားဗက်ဇ် ၊ တင်းဘား စတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပါတယ်။

ဒီကလန်ရိုက်စ် ၊ ကိုင် ဟားဗက်ဇ်နဲ့ တင်းဘားတို့ သုံးယောက်စလုံးက ထိပ်တန်း ကစားသမားတွေ ဖြစ်သလို အနည်းဆုံး နေရာ ၂နေရာမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် အာတီတာ အတွက် နည်းစနစ် အပြောင်းအလဲ လုပ်ဖို့ အကောင်းဆုံး ကစားသမားတွေ ဖြစ်ကြပြီး သူတို့ ၃ဦး ရောက်လာမှုကြောင့် အာဆင်နယ်က ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပါပြီ။

Photo Credit: Metro

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ အများစုက အာဆင်နယ်ဟာ လာမယ့်ရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ထားကြပြီး ဂယ်ရီ လိုင်နီကာကတော့ အခြား သုံးသပ်သူတွေထက် အာဆင်နယ်ကို ပိုသဘောကျနေကာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ကို ဖြစ်လိမ့်မယ်လို့ ရဲရဲကြီး အာမခံသွားခဲ့ပါတယ်။

ဂယ်ရီ လိုင်နီကာက – “ကျွန်တော်ကတော့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးချင်ပါတယ်။ ဒီစကားက ပြီးပြီးရော ပြောတဲ့ စကားမျိုး မဟုတ်ပါဘူး။ ကျွန်တော်က အာဆင်နယ်ဟာ အတော်လေးကို ကောင်းတဲ့ နွေဈေးကွက် တခုကို ရခဲ့တယ်လို့ ထင်ပါတယ်။ (ကစားသမားကောင်းများ ခေါ်ယူနိုင်ခဲ့မှုအား ရည်ရွယ်လျက်) အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ လက်တကမ်း အလိုကို ရောက်မှ ဖလားနဲ့ ဝေးခဲ့ရပေမယ့် သူတို့ကို ကြည့်ရတာ စိတ်ပျက်လက်ပျက် ဖြစ်နေပုံ မပေါ်ပါဘူး။ သူတို့က ပိုပြီးတော့ စိတ်ဓာတ် တက်ကြွနေသလိုပါပဲ။ ပြီးခဲ့တဲ့ရာသီမှာ ချန်ပီယံဆုနဲ့ လွဲခဲ့တာက အာတီတာရဲ့ အဖွဲ့အတွက် ကောင်းကျိုး တခု ဖြစ်နေပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။