ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ စတိဗ် နီကိုးလ်က လာမယ့် ရက်ပိုင်းအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ့် ဒိန်းမတ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းဟာ လက်ရှိ လီဗာပူးရဲ့ တိုက်စစ်မှူး နူနက်ဇ်ထက် ပိုညံ့တဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဒိန်းမတ် လက်ရွေးစင် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒိန်းမတ် ၊ အတ္တလန်တာတို့နဲ့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို အမိအရ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်းအတွက် အတ္တလန်တာထံ စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်း ပေးချေဖို့ သဘောတူထားပြီး ဟွိုင်လန်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ထားပြီးပါပြီ။

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ဟွိုင်လန်းကို အသင်းရဲ့ ကစားသမားသစ် အဖြစ် တရားဝင် ကြေညာဖွယ် ရှိနေပြီး ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ တရာသီသာ ခြေစွမ်းပြထားတဲ့ လူငယ်ကြယ်ပွင့် တဦးကို ပေါင် ၇၂သန်း အထိ ပေးခဲ့တာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ တချို့က မန်ချက်စတာ ယူနိုက်တက်ကို ဝေဖန်နေကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဟွိုင်လန်းရဲ့ အပြောင်းအရွှေ့ကို ဝေဖန်သူတွေထဲမှာ လီဗာပူး ဂန္တဝင် စတိဗ် နီကိုးလ်လည်း ပါဝင်နေပြီး စတိဗ် နီကိုးလ်က နူနက်ဇ်ထက် အများကြီး ပိုညံ့တဲ့ ဟွိုင်လန်းကို ပေါင် ၇၂သန်း အထိ ပေးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဘူးလို့ ဆိုလာပါတယ်။

Photo Credit: Liverpool GR

စတိဗ် နီကိုးလ်က – “ဟွိုင်လန်း ဆိုတဲ့ တိုက်စစ်မှူးလေးက နူနက်ဇ်ရဲ့ ခြေဖျားကိုတောင် မမှီသေးတဲ့ တိုက်စစ်မှူးပါ။ မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်းအတွက် ဘာကြောင့် ပေါင် ၇၅သန်း အထိ သုံးစွဲခဲ့လဲ ဆိုတာရဲ့ အဖြေကို ရှာကြည့်သေးပေမယ့် အခုချိန်အထိ အကြောင်းပြချက် ကောင်းကောင်းကို မတွေ့သေးပါဘူး။ လီဗာပူးက နူနက်ဇ်အတွက် ပေါင် ၈၀သန်း အထိ သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ဘာကြောင့် လီဗာပူးဟာ နူနက်ဇ်အတွက် ပေါင် ၈၀သန်း အထိ သုံးစွဲခဲ့လဲ ဆိုတာကို တွေးကြည့်လို့ ရခဲ့ပါတယ်။ နူနက်ဇ်ရဲ့ ခွန်အား ၊ ပါဝါနဲ့ နေရာယူပုံ အရာအားလုံးက ကောင်းပါတယ်။ နူနက်ဇ်ရဲ့ တခုထဲသော အားနည်းချက်က ဂိုးသွင်းသေချာမှုပါပဲ။ ဟွိုင်လန်းက နူနက်ဇ်လို ဂိုးသွင်းနိုင်မယ့် နေရာတွေဆီ ရောက်အောင် သွားတတ်တဲ့ တိုက်စစ်မှူးတောင် မဟုတ်သေးပါဘူး။ သူက နူနက်ဇ်ရဲ့ အဆင့်အတန်းမျိုး မရောက်သေးပါဘူး” လို့ ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။