စပိန်လာလီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ် ဆိုစီဒက်က မကြာသေးမီကမှ ကစားသမားဘဝ ကနေ အနားယူသွားတဲ့ အသင်းခေါင်းဆောင် ဒေးဗစ် ဆေးလ်ဗားရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူရန် ကြိုးစားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်က ၂၀၂၀ခုနှစ်မှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၃၉သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ယူနိုက်တက်မှာ ၃ရာသီ ကြာအောင် ကစားခဲ့ပေမယ့် လောက်လောက်လားလား ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Goal

ဗန်ဒီဘိခ်က နေရာယူ ကောင်းသလို အကွက်မြင်တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ကြံ့ခိုင်မှု အားနည်းချက်ကြောင့် ကြံ့ခိုင်မှု အသားပေး ကစားလွန်းတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အံဝင်အောင် ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရတာ ဖြစ်ပြီး သူက မန်ချက်စတာ ယူနိုက်တက် အတွက် ၃ရာသီအတွင်းမှာ စုစုပေါင်း ပွဲ ၆၀သာ ပါဝင် ကစားပေးနိုင်ခဲ့ကာ သွင်းဂိုး ၂ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ကြိမ်သာ ရရှိထားပါတယ်။

ဗန်ဒီဘိခ်က မန်ချက်စတာ ယူနိုက်တက်မှာ ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပေမယ့် နယ်သာလန် လက်ရွေးစင်အသင်းမှာ အမြဲတမ်းလိုလို ပါဝင်ခွင့် ရတဲ့ အရည်အသွေးမြင့် ကွင်းလယ်လူ ဖြစ်ပြီး သူ့ရဲ့ အစွမ်းအစနဲ့ အလားအလာကြောင့်ပဲ ဆိုစီဒက်က ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဆိုစီဒက်က ဗန်ဒီဘိခ်ရဲ့ အပြောင်းအရွှေ့ အတွက် မန်ချက်စတာ ယူနိုက်တက်နဲ့ တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေက အဆင်ပြေ အောင်မြင်နေကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဆိုင်မွန် စတုန်းကလည်း မန်ချက်စတာ ယူနိုက်တက်ဟာ ဗန်ဒီဘိခ်ကို ဆိုစီဒက်ဆီ ရောင်းချဖို့ နီးစပ်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားသလို မန်ချက်စတာ ယူနိုက်တက်က ဗန်ဒီဘိခ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ရရှိဖို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။