အီတလီ စီးရီးအေကလပ် အတ္တလန်တာ ကနေ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားတဲ့ ဒိန်းမတ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းက ယနေ့မှာပဲ မန်ချက်စတာမြို့ဆီ လာရောက်ကာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဒေးဗစ် အွန်စတိန်းက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဒိန်းမတ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟွိုင်လန်းက ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဒိန်းမတ် ၊ အတ္တလန်တာတို့နဲ့ စတင် တောက်ပလာသူ ဖြစ်ပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က သူ့ရဲ့ ခြေစွမ်းကို ယုံကြည်တာကြောင့် အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်းအတွက် အတ္တလန်တာထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း + အပိုဆုကြေး ယူရို ၁၀သန်း ပေးချေဖို့ သဘောတူခဲ့ပြီး ဟွိုင်လန်းက မန်ချက်စတာ ယူနိုက်တက်နဲ့ ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိမယ့် ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ သဘောတူထားပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ဟွိုင်လန်းက မန်ချက်စတာ ယူနိုက်တက် အခြေစိုက်ရာ မန်ချက်စတာမြို့ဆီ ယနေ့မှာပဲ လာရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း သိရှိရပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ဘောလုံးရာသီ ပြန်လည် စတင်တော့မှာ ဖြစ်တာကြောင့် ဟွိုင်လန်းရဲ့ အပြောင်းအရွှေ့ကို ခပ်မြန်မြန် ကြေညာကာ ဟွိုင်လန်းကို အသင်းနဲ့အတူ လေ့ကျင့်ခန်း ဆင်းခိုင်းဖို့ ပြင်ဆင်ထားပြီး ဟွိုင်လန်းက မန်ချက်စတာ ယူနိုက်တက်မှာ ကျောနံပါတ် ၂၈ကို ဝတ်ဆင် ကစားသွားဖွယ် ရှိပါတယ်။

ဆက်စပ်သတင်းတွေအရ မန်ချက်စတာ ယူနိုက်တက်က ဟွိုင်လန်းကို ခေါ်ယူပြီးနောက် ကွင်းလယ်လူ တဦးနဲ့ ဗဟိုခံစစ်မှူး တဦးတို့ကို ထပ်မံ ခေါ်ယူဖို့ ကြိုးစားနေပြီး ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘက်နဲ့ နိုက်စ် ခံစစ်မှူး တော်ဒီဘိုးတို့ဟာ ယူနိုက်တက်ရဲ့ အဓိကပစ်မှတ်တွေ ဖြစ်ကြောင်း သိရပါတယ်။