ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးက သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်သူ လီဗီ ကိုးဝဲလ်ကို ၆နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုဖို့ ကစားသမားနဲ့ ပဏာမ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၂၀ အရွယ် အင်္ဂလန် ယူ-၂၁ လက်ရွေးစင် လီဗီ ကိုးဝဲလ်က ချယ်လ်ဆီးရဲ့ နာမည်ကျော် ကော့ဘ်ဟမ်းအကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမား ဖြစ်ပြီး ကိုးဝဲလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘရိုက်တန်ထံ အငှားနဲ့ သွားရောက် ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ကိုးဝဲလ်က ဘရိုက်တန်ဆီ တရာသီအငှားနဲ့ သွားရောက် ကစားရာမှာ ဘရိုက်တန်အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၂ကြိမ် အထိ ပြုလုပ်ပေးနိုင်ခဲ့သလို သူ့ရဲ့ ဘောလုံးကိုင် ကစားနိုင်မှု ၊ မာမာထန်ထန် ကစားနိုင်မှုနဲ့ လူကပ် ကစားရာမှာ ထူးချွန်မှုတို့ကြောင့် ပြိုင်ဘက် တိုက်စစ်မှူးတွေရဲ့ အိမ်မက်ဆိုး ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ဘရိုက်တန်က ပြောင်းရွှေ့ကြေး ပေါင် ၄၀သန်းကျော် အထိ သုံးစွဲကာ ကိုးဝဲလ်ကို အပြီးသတ် ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ချယ်လ်ဆီးကတော့ ကိုးဝဲလ်ကို ဘယ်ဈေးပေးပေး မရောင်းချဘူးလို့ ယတိပြတ် ပြောကြားကာ ကိုးဝဲလ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: Times

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက ယနေ့မနက်ပိုင်းမှာ ကိုးဝဲလ်ကို ကာလရှည် စာချုပ်သစ် တရပ် ချုပ်ဆိုဖို့ ပဏာမ သဘောတူညီမှု ရရှိခဲ့ပြီး ကိုးဝဲလ်ဟာ ချယ်လ်ဆီးရဲ့ စီမံကိန်းထဲမှာ အရေးပါတဲ့ ကစားသမား တဦး အဖြစ် ပါဝင်ခွင့် ရသွားမယ်လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒေးဗစ် အွန်စတိန်းကလည်း ကိုးဝဲလ်ဟာ ချယ်လ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ခေါင်းညိတ်လိုက်ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး အွန်စတိန်းက ကိုးဝဲလ်ဟာ ချယ်လ်ဆီးနဲ့ ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ် ချုပ်ဆိုမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။