ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အဓိက စပွန်ဆာ ကုမ္ပဏီတခု ဖြစ်တဲ့ Adidasနဲ့ ယူရို ၁ဘီလီယံတန် စပွန်ဆာစာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကမ္ဘာကျော် အားကစားပစ္စည်း ကုမ္ပဏီတခု ဖြစ်တဲ့ Adidasက ၂၀၁၅ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ Shirt Sponsor အဖြစ် ၁၀နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုကာ မန်ချက်စတာ ယူနိုက်တက်ကို စပွန်ဆာ ပေးနေတဲ့ ကုမ္ပဏီ ဖြစ်ပြီး အဆိုပါစာချုပ်အရ မန်ချက်စတာ ယူနိုက်တက်က တနှစ်ကို ပေါင် ၇၅သန်း အထိ ရရှိခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက်နဲ့ Adidasတို့ရဲ့ စပွန်ဆာစာချုပ်က ၂၀၂၅ခုနှစ်မှ ကုန်ဆုံးမှာ ဖြစ်ပေမယ့် Adidasက မန်ချက်စတာ ယူနိုက်တက်ရဲ့ Shirt Sponsor အဖြစ် ကာလရှည် ဆက်ရှိချင်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ကို စပွန်ဆာစာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပြီး ယူနိုက်တက်ကလည်း Adidasရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။

ယနေ့မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ Adidasတို့က ၁၀နှစ် သက်တမ်း ရှိမယ့် စပွန်ဆာ စာချုပ်သစ်ကို ထပ်မံ ချုပ်ဆိုနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က Adidasနဲ့ ဆက်လက် လက်တွဲခွင့် ရတဲ့ အတွက် ပျော်ရွှင်မိကြောင်းနဲ့ Adidasဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အဖိုးမဖြတ်နိုင်တဲ့ မိတ်ဆွေ ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Photo Credit: Man Utd

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းထောက် ဆမ်မြူရယ် လက်ဟော့စ်ရဲ့ အဆိုအရ မန်ချက်စတာ ယူနိုက်တက်က စပွန်ဆာစာချုပ်သစ်ကြောင့် Adidasဆီကနေ တနှစ် ယူရို ၁၀၄သန်းနဲ့ ၁၀နှစ်စာ ယူရို ၁.၀၄ ဘီလီယံ အထိ ရရှိသွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Adidasနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ စာချုပ်သစ်က ကမ္ဘာပေါ်မှာ တန်ကြေးအမြင့်ဆုံး Shirt Sponsor အဖြစ် စံချိန်သစ် ရေးထိုးနိုင်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်က ကမ္ဘာပေါ်မှာ စပွန်ဆာကြေး အများဆုံး ဘောလုံးအသင်း အဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။