ဆော်ဒီ စူပါလိဂ် ထိပ်သီးကလပ် အယ် နက်ဆာက သူတို့ရဲ့ တိုက်စစ်ပိုင်း အတွက် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဆာဒီယို မာနေးကို ခေါ်ယူဖို့ ကြိုးစားနေရာ ယနေ့မှာပဲ မာနေးအတွက် ဘိုင်ယန်မြူးနစ်ထံ တရားဝင် ကမ်းလှမ်းမှု တရပ် ပေးပို့တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အယ် နက်ဆာက ယခု နွေဈေးကွက် အတွင်းမှာ အင်တာမီလန် အသင်းခေါင်းဆောင် ဘရိုဇိုဗစ် ၊ လန်းစ် အသင်းခေါင်းဆောင် ဖိုဖာနာနဲ့ မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ တဲလက်စ်တို့ကို ခေါ်ယူထားနိုင်ပေမယ့် သူတို့ရဲ့ ပြိုင်ဘက်အသင်းတွေ ဖြစ်တဲ့ အယ် အာလီ ၊ အယ် ဟီလယ်နဲ့ အယ် အီတီဟတ်တို့က နာမည်ကျော် ကစားသမားတွေကို ခေါ်ယူထားတာကြောင့် အသင်းကို အားဖြည့်မှုတွေ ဆက်လက် ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Goal

အယ် နက်ဆာက ကွင်းလယ်နဲ့ ခံစစ်ကို အားဖြည့်မှုတွေ လုပ်ပြီးပြီ ဖြစ်တာကြောင့် တိုက်စစ်ပိုင်းကို ဆက်လက် အင်အားဖြည့်တင်းဖို့ ရည်မှန်းထားပြီး သူတို့ရဲ့ အဓိကပစ်မှတ်ကတော့ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာခွင့် ရထားတဲ့ ဆီနီဂေါ အသင်းခေါင်းဆောင် ဆာဒီယို မာနေးပါ။

အသက် ၃၁နှစ် အရွယ် ဆီနီဂေါ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဆာဒီယို မာနေးက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ လီဗာပူး ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့ ကစားခဲ့သလို ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း အများကြီး ကျန်နေသေးပေမယ့် ဘိုင်ယန်မြူးနစ်က မာနေးရဲ့ ကစားပုံနဲ့ စိတ်ဓာတ်ပိုင်းဟာ သူတို့အသင်းနဲ့ မကိုက်ညီဘူးလို့ ယူဆနေတာကြောင့် မာနေးကို ယခု နွေဈေးကွက် အတွင်းမှာ အသင်းကနေ ထွက်ခွာဖို့ အသိပေးထားပါတယ်။

Photo Credit: Goal

ကနဦးမှာ မာနေးက ဘိုင်ယန်မြူးနစ် ကနေ ထွက်ခွာဖို့ ငြင်းဆန်ခဲ့ပေမယ့် ဘိုင်ယန်နည်းပြ တူဟယ်လ်နဲ့ စကားပြောပြီးနောက် အသင်းပြောင်းဖို့ စတင် စဉ်းစားလာပြီး လက်ရှိမှာတော့ အယ် နက်ဆာရဲ့ တာဝန်ရှိသူတွေနဲ့ မာနေးရဲ့ အေးဂျင့်တွေက အပြောင်းအရွှေ့ အတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အယ် နက်ဆာက မာနေးရဲ့ အေးဂျင့်တွေနဲ့ ဆွေးနွေးမှုတွေ အဆင်ပြေနေတာကြောင့် မာနေးအတွက် ဘိုင်ယန်မြူးနစ်ထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေပြီး အယ် နက်ဆာက မာနေးကို ပြောင်းရွှေ့ကြေး ယူရို ၃၇သန်းနဲ့ ကမ်းလှမ်းမှာ ဖြစ်ကြောင်း သိရပါတယ်။