ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ တက်ဒီ ရှရင်ဂမ်က သူ့ရဲ့ အသင်းဟောင်း စပါးဟာ မကြာသေးမီကမှ မန်ချက်စတာ ယူနိုက်တက်ရဲ့ အသင်းခေါင်းဆောင်ရာထူး ကနေ ဖယ်ရှားခံထားရတဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

လန်ဒန်မြို့ အခြေစိုက်ကလပ် စပါးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတော်လေး ရလဒ်တွေ ဆိုးဝါးခဲ့တာကြောင့် ရာသီသစ်မှာ ဥရောပပြိုင်ပွဲဝင်ခွင့် မရခဲ့တာကြောင့် ဩစတီးယားနည်းပြ ပိုစတီဂိုဂလူကို နည်းပြသစ် အဖြစ် ခန့်အပ်ကာ အသင်းကို သွေးသစ်လောင်းဖို့ ပြင်ဆင်နေတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: The Sun

ယခု နွေဈေးကွက် အတွင်းမှာ စပါးက ယမန်နှစ် ဘောလုံးရာသီမှာ အသင်းဆီ အငှားတွေနဲ့ လာရောက် ကစားခဲ့တဲ့ ဆွီဒင် တောင်ပံတိုက်စစ် ကစားသမား ကူလူဆက်စကီး ၊ စပိန်ညာနောက်ခံလူ ပေါ်ရိုတို့ကို အပြီးသတ် ခေါ်ယူထားသလို လက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ မက်ဒီဆန် ၊ အီတလီ ဂိုးသမား ဗီကာရီယို ၊ အစ္စရေးလ် တောင်ပံကစားသမား ဆော်လမွန် စတဲ့ ကစားသမားတွေကိုလည်း အမိအရ ခေါ်ယူနိုင်ခဲ့ပါတယ်။

စပါးက ယခု နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှု အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၃၆သန်း အထိ သုံးစွဲထားပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားက အခုချိန်အထိ အားနည်းနေဆဲ ဖြစ်ပြီး စပါးရဲ့ အားအနည်းဆုံးနေရာ ကတော့ ရိုမဲရိုး တဦးထဲသာ အားကိုးနေရတဲ့ ဗဟိုခံစစ်ပိုင်းပါပဲ။

Photo Credit: Team Talk

ဒါကြောင့်လည်း စပါးရဲ့ တာဝန်ရှိသူတွေက ယခု နွေဈေးကွက် အတွင်းမှာ ရှိရင်းစွဲ ဗဟိုခံစစ်မှူးတွေ ဖြစ်တဲ့ ဆန်းချက်ဇ် ၊ ဒိုင်ယာ စတဲ့ ကစားသမားတွေကို ရောင်းထုတ်ပြီး နောက်ထပ် ဗဟိုခံစစ်မှူးသစ် ၂ဦး ခေါ်ယူဖို့ စီစဉ်ထားကာ စပါးရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ ရှရင်ဂမ်ကတော့ စပါးဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး မက်ဂွိုင်းယားကို ခေါ်ယူသင့်တယ်လို့ ထင်မြင်နေပါတယ်။

ရှရင်ဂမ်က – “ဟယ်ရီ မက်ဂွိုင်းယားက စပါးအတွက် အရမ်းကို ရွေးချယ်သင့်တဲ့ ကစားသမား တဦးပါ။ ခင်ဗျားတို့တွေ အင်္ဂလန်ပွဲတွေကို စောင့်ကြည့်လိုက်ရင် မက်ဂွိုင်းယားက သူ ရင်ဆိုင်ရတဲ့ တိုက်စစ်မှူးတိုင်းကို လဲပြိုသွားအောင် လုပ်နိုင်တာကို မြင်ရပါလိမ့်မယ်။ သူက တည်ငြိမ်တယ်။ ပြီးတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကောင်းကောင်း ကစားနိုင်တယ် ဆိုတာကို သက်သေပြထားတဲ့ ခံစစ်မှူးကောင်း တဦးပါ။ မက်ဂွိုင်းယားက ယူနိုက်တက်မှာတော့ အတော်လေး ခက်ခဲတဲ့ အချိန်တခုကို ဖြတ်သန်းနေရပါတယ်။ သူ့ကို ကြည့်လိုက်ရင် အမြဲတမ်း စွမ်းဆောင်ရည်တွေ ဆိုးရွားနေပါတယ်။ ယူနိုက်တက်မှာ သူ ကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် မက်ဂွိုင်းယားက အသင်းသစ် တသင်းဆီ ပြောင်းခဲ့ရင် သူ့ရဲ့ အရည်အချင်းတွေကို ကောင်းကောင်းကြီး ထုတ်ပြနိုင်ပါလိမ့်မယ်။ ပြီးတော့ မက်ဂွိုင်းယားက မန်ချက်စတာ ယူနိုက်တက်မှာ နေရတာကို မပျော်လောက်တော့ပါဘူး။ တကယ်လို့ ကျွန်တော့်ရဲ့ အသင်းဖော်ဟောင်းတွေထဲက ခံစစ်မှူး တချို့သာ မက်ဂွိုင်းယားရဲ့ နေရာကို ရောက်သွားခဲ့ရင် သူတို့ ကြုံတွေ့ရမယ့် ဝေဖန်မှုတွေကို မက်ဂွိုင်းယားလောက်တောင် ခံနိုင်ရည် ရှိမယ် မထင်ပါဘူး” လို့ ပြောကြားကာ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စပါးအား တိုက်တွန်း အကြံပေးသွားခဲ့တာပါ။