ဘိုင်ယန်မြူးနစ်အသင်းက အသင်းရဲ့ back-up ဂိုးသမား ယန်း ဆွန်းမားကို ဒီနွေမှာပဲ ပြန်လည် လက်လွတ်ရဖွယ် ရှိနေတာကြောင့် ဂိုးသမားကြီး နူအာရဲ့ အရန်အဖြစ်နဲ့ရော နူအာ မရှိတော့ချိန်မှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားအဖြစ်ပါ အသုံးပြုဖို့အတွက် ဂိုးသမားများစွာကို ချိန်ရွယ်နေပြီး ဒီထဲမှာ ဘရန့်ဖို့ဒ်က စပိန် ဂိုးသမား ဒါးဗစ် ရာယာလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : Twitter

ဘိုင်ယန်က အသင်းရဲ့ ပင်တိုင် ဂိုးသမားကြီး နူအာ အပြင်းအထန် ဒဏ်ရာရသွားစဉ်အတွင်း ဆွစ်ဇာလန် ဝါရင့် ဂိုးသမား ဆွန်းမားကိ မိုချန်ဂလာဘတ်ကနေ ခေါ်ယူခဲ့ပေမယ့်အခု နူအာက ဒဏ်ရာကနေ သက်သာနေပြီဖြစ်လို့ ဆွန်းမားရဲ့ ပွဲထွက်ခွင့်တွေက နည်းပါးလာရဖို့ ရှိနေပါတယ်။

ဒီအချိန်မှာ ဆွန်းမားကို အင်တာမီလန်အသင်းက ချဉ်းကပ်လာခဲ့ပြီး အင်တာကလည်း အိုနာနာ နဲ့ ဟန်ဒါနိုဗစ်တို့လို ဂိုးသမား နှစ်ဦးလုံးကို လက်လွတ်ထားရချိန်မှာ ဆွန်းမားလို အတွေ့အကြုံရင့် ဂိုးသမားတစ်ဦးနဲ့ ပြန်လည် အစားထိုးချင်လာခဲ့ပါတယ်။ ဆွန်းမားကိုယ်တိုင်ကလည်း နူအာရဲ့ အရန်အဖြစ် ကစားသွားဖို့ အင်တာကို ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိလာခဲ့ပါတယ်။

Photo Credit : The Athletic

ဒါကြောင့် ဘိုင်ယန်ကလည်း ဂိုးသမားသစ် တစ်ဦးခန့် ပြန်လည် ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပြီး လက်ရှိ ဘိုင်ယန် ခေါ်ယူချင်နေတဲ့ ဂိုးသမားစာရင်းထဲမှာလည်း ဘရန့်ဖို့ဒ် ဂိုးသမား ရာယာပါ ပါဝင်လာခဲ့ပါတယ်။ ရာယာက စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားခဲ့ပြီးမှ စပါးဘက်က ပြောင်းရွှေ့ကြေးပိုင်းမှာ အဆင်မပြေ ဖြစ်ခဲ့ရာကနေ အပြောင်းအရွှေ့ ပျက်ပြယ်ထားခဲ့ရတာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်ကတော့ သူတို့ရဲ့ ဂိုးသမား ရာယာကို ဒီနွေမှာပဲ ရောင်းထုတ်သွားဖို့ ဆန္ဒရှိနေပေမယ့် ရာယာအတွက်ကိုတော့ ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း (၄၀) သတ်မှတ်ထားပြီး ဒါက ဘိုင်ယန်အတွက် ကမ်းလှမ်းရ ခက်ခဲစေနိုင်မယ့် တန်ကြေးမျိုးလည်း ဖြစ်နေပါတယ်။