ယခုနွေဈေးကွက် အတွင်းမှာ လာလီဂါ နာမည်ကြီးကလပ် ဗီလာရီးရဲလ် ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးထံ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်က ချယ်လ်ဆီးအတွက် ရာသီကြို ခြေစမ်းပွဲ ၂ပွဲမှာ ပါဝင် ကစားပေးထားရင်း ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ်ပါ ပြုလုပ်ထားနိုင်ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဆီနီဂေါ လက်ရွေးစင် တိုက်စစ်မှူး နီကိုလပ်စ် ဂျက်ဆန်က ဇူလိုင်လ ၁ရက်နေ့မှာ စပိန်ကလပ် ဗီလာရီးရဲလ် ကနေ ချယ်လ်ဆီးထံ တရားဝင် ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့အတွက် ဗီလာရီးရဲလ်ထံ စာချုပ်ဖျက်သိမ်းကြေး ယူရို ၃၇သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Sky Sports

နီကိုလပ်စ် ဂျက်ဆန်က ချယ်လ်ဆီးနဲ့ ၂၀၃၁ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပြီး ဂျက်ဆန်ဟာ ချယ်လ်ဆီးမှာ ကျောနံပါတ် ဘယ်လောက်ကို ဝတ်ဆင် ကစားသွားမလဲ ဆိုတာ မသိရသေးပေမယ့် ရာသီကြို ခြေစမ်းပွဲတွေမှာတော့ ဂျက်ဆန်ဟာ ကျောနံပါတ် ၄၃ကို ဝတ်ဆင် ကစားနေပါတယ်။

ဂျက်ဆန်က သူ့ရဲ့ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ဇူလိုင်လ ၂၀ရက်နေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၅-၀ ယက်စ်ဟမ်း ပွဲစဉ်မှာ ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး အဆိုပါပွဲမှာ ဂျက်ဆန်က ကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ပေမယ် လူငယ်ကြယ်ပွင့် မတ်ဆန်ရဲ့ သွင်းဂိုး ၁ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit: All Football

ဒီနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၄-၃ ဘရိုက်တန် ပွဲစဉ်မှာတော့ ဂျက်ဆန်က လူစားဝင် တိုက်စစ်မှူး အဖြစ် ပါဝင် ကစားခွင့် ရခဲ့ပြီး အသင်းဖော်တွေ ဖြစ်တဲ့ မူဒရစ်ခ်နဲ့ ဂါလက်ချာတို့ရဲ့ သွင်းဂိုးတွေကို ဖန်တီးပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း ပွဲချိန် ၇၆မိနစ်မှာ အသင်းအတွက် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နီကိုလပ်စ် ဂျက်ဆန်က ခြေစမ်းပွဲ ၂ပွဲမှာ ချယ်လ်ဆီးအတွက် စုစုပေါင်း ၇၃မိနစ် ဝန်းကျင်သာ ကစားခွင့် ရထားပေမယ့် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် ချယ်လ်ဆီးပရိသတ်တွေက သူ့ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေကြပြီး ဘောလုံးရေးရာ သုံးသပ်သူတွေကလည်း ဂျက်ဆန်ဟာ ချယ်လ်ဆီးအတွက် အားကိုးရတဲ့ တိုက်စစ်မှူး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။