ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဗာရန်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူတို့အသင်းဆီ ရောက်လာတဲ့ ဂိုးသမားသစ် အိုနာနာနဲ့ တွဲကစားဖို့ မစောင့်နိုင်တော့ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ သက်တော်ရှည် ဂိုးသမား ဒေးဗစ် ဒီဂီယာနဲ့ လမ်းခွဲပြီးနောက် အသင်းရဲ့ နံပါတ်၁ ဂိုးသမားနေရာ အတွက် အင်တာမီလန်နဲ့အတူ လက်စွမ်းကောင်းတွေ ပြသထားတဲ့ ကင်မရွန်း ဂိုးသမား အိုနာနာကို ပြောင်းရွှေ့ကြေး ပေါင် ၅၁သန်း အထိ ပေးချေကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ၅နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုခဲ့ပြီး အိုနာနာက မန်ချက်စတာ ယူနိုက်တက်မှာ ကျောနံပါတ် ၂၄ကို ဝတ်ဆင် ကစားသွားဖို့ ရွေးချယ်ထားပါတယ်။

အိုနာနာက ထိပ်တန်းလက်စွမ်းကို ပိုင်ဆိုင်ထားသလို ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တဲ့ ဂိုးသမားကောင်း တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျ ဖြစ်မယ့် ဂိုးသမား တဦး ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမား အများစုကလည်း အိုနာနာကို ရင်းရင်းနှီးနှီး ကြိုဆိုခဲ့ကြပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုနောက်ခံလူ ဖြစ်သူ ဗာရန်းကလည်း အိုနာနာဟာ ဂိုးသမားကောင်း တဦး ဖြစ်ပြီး အိုနာနာနဲ့ တွဲဖက် ကစားဖို့ မစောင့်နိုင်တော့ကြောင်း ပြောကာ အိုနာနာကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါသေးတယ်။

ဗာရန်းက – “အိုနာနာက သူ့ရဲ့ အရည်အချင်းတွေကြောင့် ကျွန်တော်တို့အသင်းဆီ ရောက်လာခဲ့တာပါ။ အိုနာနာက ဘောလုံးကိုင် ကစားရတဲ့ အချိန်မှာ အရမ်းကောင်းသလို သူက ဘောလုံးကို သက်တောင့်သက်သာ ကစားနိုင်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ခံစစ်ပိုင်း အတွက် ယုံကြည်မှုတွေ အများကြီး ယူဆောင်ပေးလာမယ့် ဂိုးသမားကောင်း တဦးပါ။ ကျွန်တော်ကတော့ သူနဲ့ တွဲကစားဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။