ပီအက်စ်ဂျီအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ ကီလီယန် အမ်ဘာပေကို ဂျပန်ခရီးစဉ်အတွက် ရွေးချယ်ထားတဲ့ ကစားသမားစာရင်းကနေ ဖယ်ရှားခဲ့ပြီး အခုနွေဈေးကွက်မှာပဲ အသင်းကနေ ရောင်းထုတ်သွားဖို့ ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Twitter

 ဘာပေဟာ မနေ့က ပီအက်စ်ဂျီ နဲ့ လီဂူး တန်းတက်ကလပ် လီဟာဗက်အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်မှာ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ပီအက်စ်ဂျီအတွက် ပါဝင် ကစားခဲ့ရင်းနဲ့ ဒုတိယမြောက် ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာပေက ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခြင်း မရှိသေးသလို သူက ဘယ်တော့မှ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာသွားမှာ မဟုတ်ဘူးဆိုတဲ့ ပြောစကားဟာလည်း လုပ်ကြံ ပြောဆိုထားသလိုမျိုး ဖြစ်နေသလို ပီအက်စ်ဂျီဘက်က ခံစားလာမိတာကြောင့် အသင်းရဲ့ ဂျပန်ခရီးစဉ် ကစားသမားစာရင်းကနေ ဘာပေကို ချက်ချင်း ဖယ်ရှားလိုက်ပြီး အရောင်းစာရင်း တင်လိုက်တယ်လို့ သိရပါတယ်။

Photo Credit : Twitter

 ပီအက်စ်ဂျီက ဘာပေအနေနဲ့ သူနဲ့ ပီအက်စ်ဂျီကြား ချုပ်ဆိုထားတဲ့ စာချုပ် ကုန်ဆုံးမယ့် ၂၀၂၄ခုနှစ်မှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာပြီး ရီးယဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုတင် သဘောတူညီမှု ရယူထားမယ်ဆိုတာ သေချာကြောင်း ယူဆထားကာ ဒါဟာ သူတို့အသင်းအပေါ် သစ္စာဖောက်တာပဲလို့ပါ သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် ဂျပန် ခြေစမ်းပွဲ ခရီးစဉ်အတွက် အသင်းရဲ့ squad ကနေ ဘာပေကို ထုတ်ပယ်ခဲ့ပြီး ချက်ချင်းကို ရောင်းချသွားဖို့ စီစဉ်လာခဲ့ပါတယ်။

 ဒါကြောင့် ဥရောပ ကလပ်အသင်းတွေအနေနဲ့ ဘာပေကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းလာနိုင်တယ် ဆိုပေမယ့်လည်း ပီအက်စ်ဂျီကတော့ သူတို့ ကစားသမားအတွက် ယူရို သန်း (၂၀၀)အထိ တောင်းဆိုလာနိုင်လို့ ဒီတန်ကြေး ပမာဏလောက်နဲ့ ဘယ်အသင်းက ကမ်းလှမ်းလာနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။