အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်နဲ့ မကြာခင်မှာ လမ်းခွဲတော့မယ့် ဝါရင့် အာဂျင်တီးနား တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာက သူ့ရဲ့ ငယ်ဘဝကလပ် ဖြစ်တဲ့ ဘင်ဖီကာဆီ အလွတ်နဲ့ ပြန်လည် ပြောင်းရွှေ့တော့မယ်လို့ ယုံကြည် စိတ်ချရတဲ့ သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် အိန်ဂျယ် ဒီမာရီယာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီ ကနေ ဂျူဗင်တပ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခဲ့သူ ဖြစ်ပြီး သူက ဂျူဗင်တပ်နဲ့ ၂နှစ် သက်တမ်း (၁နှစ် + ၁နှစ်) ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Football Italia

ဒီမာရီယာက ဂျူဗင်တပ်အတွက် ပြိုင်ပွဲစုံမှာ ၄၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ကနဦးမှာ ဂျူဗင်တပ်က ဒီမာရီယာကို စာချုပ်သက်တမ်း တိုးဖို့ လုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ဒီမာရီယာကို အလွတ်နဲ့သာ အသင်းကနေ ထွက်ခွာခွင့် ပြုဖို့ ပြန်လည် ဆုံးဖြတ်ခဲ့ရပါတယ်။

ဂျူဗင်တပ်နဲ့ လမ်းခွဲတော့မယ့် ဒီမာရီယာက ဆော်ဒီကလပ်တွေနဲ့ မေဂျာလိဂ် နာမည်ကြီးကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ ရရှိခဲ့ပေမယ့် ဒီမာရီယာက ဥရောပတိုက်မှာ ဆက်လက် ကစားချင်တာကြောင့် အသင်းဟောင်း ဘင်ဖီကာဆီသာ ပြန်လည် ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒီမာရီယာက ဘင်ဖီကာဆီ ပြန်လည် ပြောင်းရွှေ့ဖို့ ယနေ့မနက် အစောပိုင်းမှာပဲ သဘောတူလိုက်ပြီး ဘင်ဖီကာက လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဒီမာရီယာကို အသင်းဆီ ပြန်ခေါ်နိုင်တော့မယ်လို့ သိရပါတယ်။

ဒီမာရီယာက ၂၀၀၇ခုနှစ် ကနေ ၂၀၁၀ခုနှစ် အထိ ဘင်ဖီကာအတွက် ကစားပေးခဲ့သူ ဖြစ်ပြီး သူက ဘင်ဖီကာ အတွက် ၁၂၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၅ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၈ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ပေါ်တူဂီလိဂ်ဖလား ၁လုံး ရရှိခဲ့ပါတယ်။