အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝါရင့် တိုက်စစ်မှူး ဂျက်ကိုက တူရကီ အင်အားကြီးကလပ် ဖီနာဘာချီထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ဘော့စနီးယား လက်ရွေးစင် တိုက်စစ်မှူး ဂျက်ကိုက ၂၀၂၁ခုနှစ်မှာ ရိုးမား ကနေ အင်တာမီလန်ထံ ပြောင်းရွှေ့ကြေး ယူရို ၂.၈သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက အင်တာမီလန်နဲ့ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားတာကြောင့် သူနဲ့ အင်တာမီလန် ကြားထဲမှာ ရှိနေတဲ့ စာချုပ်က ယခုလ ၃၀ရက်နေ့မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

Photo Credit: Goal

ဂျက်ကိုက ၂နှစ်တာ ကာလအတွင်းမှာ အင်တာမီလန် အတွက် ပြိုင်ပွဲစုံ ၁၀၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အီတလီ စူပါဖလား ၂ကြိမ်နဲ့ ကိုပါအီတာလီယာဖလား ၂ကြိမ် ရရှိခဲ့ပါတယ်။

ဂျက်ကိုက အင်တာမီလန် အတွက် ထိုက်သင့်သလောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အင်တာမီလန်က ကစားသမား ဘဝ နောက်ဆုံးအချိန်ကို ရောက်နေတဲ့ ဂျက်ကိုကို စာချုပ်သစ် ကမ်းလှမ်းလိုခြင်း မရှိတော့ပဲ ဂျက်ကိုကလည်း သူ့ရဲ့ ကစားသမား ဘဝ နောက်ဆုံးအချိန်မှာ နောက်ထပ် နိုင်ငံသစ် တခုကို သွားပြီး ဘောလုံးကစားချင်နေတာပါ။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဂျက်ကိုက အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် တူရကီ ထိပ်သီးကလပ် ဖီနာဘာချီဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ပဏာမ သဘောတူညီမှု ရရှိထားပြီး ဂျက်ကိုဟာ လာမယ့် ၄၈နာရီ အတွင်း ဖီနာဘာချီရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ သိရပါတယ်။

ဖီနာဘာချီက ဂျက်ကိုကို ၁နှစ် + ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းထားတာ ဖြစ်ပြီး ဖီနာဘာချီဟာ ဂျက်ကိုရဲ့ နောက်ဆုံးကလပ်အသင်း ဖြစ်လာလိမ့်မယ်လို့ ဘော့စနီးယား အခြေစိုက် သတင်းဌာန တချို့က ဖော်ပြထားကြပါတယ်။