ပူပူနွေးနွေး ဖလား ၃လုံး ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက သူတို့အသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တာက အင်တာမီလန် တိုက်စစ်မှူး လူကာကူရဲ့ ကျေးဇူးကြောင့် ဖြစ်ကြောင်း ဟာသနှောကာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးက ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲမှာ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့ပြီး မန်ချက်စတာ စီးတီးနဲ့ အင်တာမီလန်တို့က ဗိုလ်လုပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကာ စီးတီးဟာ ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီရဲ့ တလုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရပြီး အသင်းရဲ့ သမိုင်းတလျှောက် ပထမဦးဆုံး ချန်ပီယံလိဂ် ဆုဖလားကို သိမ်းပိုက်နိုင်ခဲ့တာပါ။

Photo Credit: Standard

မန်ချက်စတာ စီးတီး ၁-၀ အင်တာမီလန် ပွဲစဉ်မှာ မန်ချက်စတာ စီးတီးက နိုင်ပွဲ ရခဲ့တာ မှန်ပေမယ့် အင်တာမီလန်က အပိုင် ဂိုးသွင်းခွင့်တွေ ပိုရခဲ့တာ ဖြစ်ပြီး အင်တာမီလန်ရဲ့ လူစားဝင် တိုက်စစ်မှူး လူကာကူဟာ ပွဲပြီးခါနီးမှာ စီးတီးရဲ့ ဂိုးပေါက်ထဲကို အပိုင် ခေါင်းတိုက်ခွင့် ရခဲ့ပေမယ့် ဟန်ချက်ပျက်နေတဲ့ စီးတီးဂိုးသမား အီဒါဆန်ဆီ တည့်တည့်မတ်မတ် ခေါင်းတိုက်ခဲ့တာကြောင့် စီးတီးတို့ သက်သာခဲ့ရတာပါ။

ဒါ့အပြင် အင်တာမီလန် ဘယ်နောက်ခံလူ ဒီမားကို့စ်ရဲ့ အပိုင် ခေါင်းတိုက်ချက်ကလည်း ဂိုးဧရိယာအတွင်းမှာ နေရာကောင်းကောင်း မယူတတ်တဲ့ လူကာကူရဲ့ ခြေထောက်နဲ့ ထိကာ အပြင်ကို ပြန်ထွက်သွားတဲ့ ဖြစ်ရပ်လည်း ရှိပြီး လူကာကူရဲ့ သူတို့အသင်းကို အကျိုးဖြစ်စေခဲ့တဲ့ ကစားပုံတွေကြောင့်ပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဂွာဒီယိုလာက လူကာကူကို လှောင်ပြောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Daily Star

ဂွာဒီယိုလာက – “ကျွန်တော်တို့တွေ ဥရောပချန်ပီယံ ဖြစ်ဖို့ ၈နှစ်ကြာအောင် ကြိုးစားခဲ့ရပါတယ်။ ကျွန်တော်က မန်ချက်စတာ စီးတီးနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရခဲ့တာဟာ တိုက်စစ်မှူး တယောက်က (လူကာကူ) ဂိုးပေါက်နဲ့ သုံးမီတာအကွာက ဘောလုံးကို ဂိုးထဲဝင်အောင် မတိုက်နိုင်ခဲ့တာကြောင့်ပါ” လို့ ပြောကြားကာ လူကာကူကို လှောင်သွားခဲ့တာပါ။