ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ စပါးရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဟယ်ရီကိန်းက လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းရမယ် ဆိုရင် စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times Sportsက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်တို့က လာမယ့် နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်ထားတဲ့ အသင်းတွေ ဖြစ်ကြပြီး နှစ်သင်းစလုံးရဲ့ နံပါတ်တစ် ပစ်မှတ်ကတော့ ဟယ်ရီကိန်းပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

အသက် ၂၉နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် အသင်းခေါင်းဆောင် ဟယ်ရီကိန်းက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၅ဦး စာရင်းဝင်သူ ဖြစ်သလို သူနဲ့ စပါးတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ရဲ့ သက်တမ်းက ၁နှစ်သာ ကျန်တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ။

မန်ချက်စတာ ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့က ဟယ်ရီကိန်းကို ခေါ်ချင်နေကြပေမယ့် ခေါင်းမာတတ်သူလို့ နာမည်ကြီးတဲ့ စပါးဥက္ကဌ လီဗိုင်းကြောင့် ဟယ်ရီကိန်း အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ဖို့ တွန့်ဆုတ်နေကြပြီး စပါးဘက်က ဟယ်ရီကိန်း အတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းကျော် လိုချင်နေပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Times သတင်းဌာနရဲ့ ဖော်ပြချက်အရ ဟယ်ရီကိန်းက လာမယ့် နွေဈေးကွက် အတွင်းမှာ စပါးကို စွန့်ခွာဖို့ စဉ်းစားထားပေမယ့် အသင်းကနေ ထွက်ခွာခွင့် ရဖို့ အသင်းကို အတင်းအကျပ် ဖိအားပေး တောင်းဆိုသွားမှာ မဟုတ်သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ကစားဖို့ ရည်ရွယ်ထားတာကြောင့် ရီးရဲလ်မက်ဒရစ်ထက် မန်ချက်စတာ ယူနိုက်တက်ဆီသာ ပြောင်းရွှေ့ချင်နေကြောင်း သိရပါတယ်။

ဟယ်ရီကိန်းက မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ချင်နေပေမယ့် စပါးဥက္ကဌ လီဗိုင်းက ဟယ်ရီကိန်းကို ပြည်တွင်းပြိုင်ဘက်တွေဆီ မရောင်းချင်တာကြောင့် ဟယ်ရီကိန်းဟာ လာမယ့် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်မယ့် ရာခိုင်နှုန်း နည်းပါးနေပြီး မန်ချက်စတာ ယူနိုက်တက်က စပါးဥက္ကဌ လီဗိုင်းကို စည်းရုံးနိုင်မှသာ ဟယ်ရီကိန်းကို ယူနိုက်တက်ရဲ့ ဂျာစီနဲ့ မြင်တွေ့ရဖွယ် ရှိပါတယ်။