အီတလီ စီးရီးအေ နာမည်ကြီးကလပ် ရိုးမားရဲ့ နည်းပြချုပ် ဖြစ်သူ ဟိုဆေး မော်ရင်ဟိုက ပရီးမီးယားလိဂ်ပြိုင်ပွဲ ကနေ တန်းဆင်းသွားရတဲ့ လက်စတာ စီးတီးရဲ့ ကွင်းလယ်လူ တိုင်လီမန်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းဆီ ခေါ်ယူနိုင်ဖို့ သူကိုယ်တိုင် ဦးဆောင် ကြိုးစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းက ယခုလ အကုန်မှာပဲ လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား ဖြစ်ပြီး သူက နွေဈေးကွက် စဖွင့်မယ့် ဇူလိုင်လ ၁ရက်နေ့မှာ အသင်းလက်မဲ့ ကစားသမား ဖြစ်နေပါလိမ့်မယ်။

Photo Credit: Goal

တိုင်လီမန်းက ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ သူက လက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံ ၃၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

တိုင်လီမန်းက အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်တာကြောင့် မော်ရင်ဟိုက သူ့ကို ရိုးမားဆီ ခေါ်ယူဖို့ မျက်စိကျနေတာ ဖြစ်ပြီး ရိုးမားရဲ့ တာဝန်ရှိသူတွေက တိုင်လီမန်းရဲ့ အေးဂျင့်ထံ ဆက်သွယ်ကာ ကမ်းလှမ်းမှုတွေတောင် ပြုလုပ်ပြီးပါပြီ။

Photo Credit: Football London

နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Corriere Dello Sports သတင်းဌာနရဲ့ ​ဖော်ပြချက်အရ ရိုးမားက တိုင်လီမန်းကို အလွတ်နဲ့ ခေါ်ယူနိုင်ဖို့ အရှိန်အဟုန်မြှင့် ကြိုးစားနေပြီး ရိုးမားနည်းပြချုပ် မော်ရင်ဟို ကိုယ်တိုင် တိုင်လီမန်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ ရိုးမားဟာ တိုင်လီမန်းကို ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။

ရိုးမားက တိုင်လီမန်းကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်နဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး တိုင်လီမန်းကတော့ ဥရောပ ထိပ်သီးကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေတာကြောင့် ရိုးမားဆီ ပြောင်းဖို့ ယတိပြတ် ဆုံးဖြတ်ချက် မချရသေးပဲ အကယ်၍ ဥရောပ ထိပ်သီးကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ မရခဲ့ရင်တော့ ရိုးမားဆီ ပြောင်းရွှေ့ဖွယ် ရှိပါတယ်။