ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား တဦး ဖြစ်သူ ဘရူနို ဖာနန်ဒက်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၀ ဝုဗ် ပွဲစဉ်မှာ သူတို့ရဲ့ တိုက်စစ်မှူး ဖြစ်သူ မာရှယ်ဟာ သွင်းဂိုး သွင်းယူနိုင်မယ် ဆိုတာကို ကြိုသိခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်ဝင်ခွင့် အတွက် နိုင်ပွဲတွေ လိုအပ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အဖြစ် ဝုဗ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်က အဓိက တိုက်စစ်မှူး ရက်ဖို့ဒ်ကို ဒဏ်ရာကြောင့် လက်လွှတ်ခဲ့ရပေမယ့် မာရှယ်နဲ့ ဂါနာချိုတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ ယူနိုက်တက် ၂-၀ ဝုဗ် ပွဲစဉ်မှာ ယူနိုက်တက်က ပွဲစပွဲဆုံး ဝုဗ်ဘက်ကို ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး ဝုဗ်ရဲ့ ဂိုးသမားသစ် ဘန်တလေက ယူနိုက်တက် တိုက်စစ်ကစားသမားတွေရဲ့ အပိုင် ကန်သွင်းချက်တွေကို စွမ်းစွမ်းတမံ ကာကွယ် တားဆီးနိုင်ခဲ့တာကြောင့်သာ ဝုဗ်ဟာ ဂိုးပြတ်ရှုံးပွဲနဲ့ ကင်းလွတ်ခွင့် ရခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက် ၂-၀ ဝုဗ် ပွဲအပြီးမှာတော့ ယူနိုက်တက်ရဲ့ နိုင်ပွဲအတွက် အဓိကကျခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်က သူတို့အသင်းရဲ့ တိုက်စစ်မှူး မာရှယ် တယောက် ဒီပွဲမှာ ဂိုးသွင်းနိုင်မယ် ဆိုတာကို ကြိုသိခဲ့ကြောင်းနဲ့ မာရှယ်ဟာ ဆံပင်ညှပ်တဲ့ အပတ်တိုင်း ဂိုးသွင်းနိုင်တာကြောင့် အခုချိန်ကနေ စပြီး အပတ်တိုင်း မာရှယ်ကို ဆံပင်ညှပ်ခိုင်းတော့မယ်လို့ ရယ်သွမ်းသွေးကာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Bein Sports

ဘရူနို ဖာနန်ဒက်က – “မာရှယ်က ဒီပွဲမှာတော့ ဂိုးပြန်သွင်းနိုင်ခဲ့ပါပြီ။ ကျွန်တော်က သူ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ် ဆိုတာကို ကြိုသိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ဆံပင်ညှပ်တဲ့ အပတ်တိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့်ပါ။ အခုတော့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်တော်တို့တွေ ပွဲကစားရမယ့် အချိန်တိုင်း ဆံသဆရာကို ခေါ်ပြီး မာရှယ်ကို ဆံပင်ညှပ်ခိုင်းပါတော့မယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။