ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ပပ် ဂွာဒီယိုလာက သူ့အသင်းရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ဒီရာသီမှာ သွင်းဂိုး ၅၀ဂိုး ပြည့်အောင် သွင်းနိုင်ခဲ့သလို ခြေစွမ်းတွေ ပိုကောင်းလာဖို့ ရှိနေပေမယ့် သူ့ရဲ့ တပည့်ဟောင်း လီယွန်နယ် မက်ဆီကို ဘယ်တော့မှ မီနိုင်မှာ မဟုတ်ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းက ယခုနှစ် ဘောလုံးရာသီ အစကမှ ဒေါ့မွန် ကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဟာလန်းဟာ မန်ချက်စတာ စီးတီးဆီ စစရောက်ချင်းမှာပဲ အသင်းနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အာလင်း ဟာလန်းက ဒီရာသီမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅၀ဂိုး အထိ သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ဟာလန်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၃၄ဂိုး အထိ သွင်းယူထားနိုင်တာကြောင့် ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ဥရောပ ရွှေဖိနပ်ဆုတို့ကို သိမ်းပိုက်နိုင်ဖို့ သေချာသလောက် ရှိနေပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ တချို့က ဟာလန်းကို ဂွာဒီယိုလာရဲ့ တပည့်ဟောင်း မက်ဆီနဲ့ နှိုင်းယှဉ်ကာ ချီးကျူးမှုတွေ ပြုလုပ်နေကြပြီး ဂွာဒီယိုလာကတော့ ဟာလန်းဟာ ဒီထက် အများကြီး ပိုကောင်းလာဦးမယ့် ကစားသမား တဦး ဖြစ်ပေမယ့် မက်ဆီလို ပြီးပြည့်စုံတဲ့ ကစားသမားမျိုး မဟုတ်ကြောင်းနဲ့ ဟာလန်းဟာ မက်ဆီကို ဘယ်တော့မှ မီနိုင်မှာ မဟုတ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Manchester Evening News

ဂွာဒီယိုလာက – “ခင်ဗျားတို့က ဘယ်ကစားသမားကိုမှ မက်ဆီနဲ့ သွားပြီး နှိုင်းယှဉ်လို့ မရပါဘူး။ မက်ဆီက ကျွန်တော် မြင်တွေ့ဖူးတဲ့ ကစားသမားတွေထဲမှာ ပြီးပြည့်စုံမှု အရှိဆုံး ကစားသမားပါ။ သူ့ရဲ့ အမြင် ၊ ပေးပို့မှု ၊ ပြိုင်ဆိုင်လိုစိတ်နဲ့ တခြား အရည်အချင်းတွေ အားလုံးက အံ့အားသင့်စရာ ကောင်းလွန်းပါတယ်။ ကျွန်တော်ကတော့ ဟာလန်းဟာ မက်ဆီလောက် နီးနီး ကောင်းလာဖို့ပဲ မျှော်လင့်ထားပါတယ်။ အဲ့လိုသာ ဖြစ်လာရင် ကျွန်တော်တို့အသင်း အတွက် အတော်လေး ကောင်းပါလိမ့်မယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။