ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆုဖလားတွေ မရခဲ့သလို ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရဖို့ မလွယ်တော့ပေမယ့် ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့တာဟာ သူတို့အသင်းရဲ့ ဒီရာသီ အမြင့်မားဆုံး အောင်မြင်မှုပါပဲလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းနဲ့ အက်ဖ်အေဖလား နှစ်လုံးစလုံးကို သိမ်းပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတို့မှာ ချန်ပီယံ ဖြစ်ဖို့ လက်တကမ်းသာ လိုတဲ့ အနေအထား အထိ ရောက်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်တွေ အတော်လေး မတည်မငြိမ် ဖြစ်နေပါတယ်။

Photo Credit: Liverpool

လီဗာပူးက ယခုနှစ် ဘောလုံးရာသီမှာ အက်ဖ်အေပြိုင်ပွဲ ၊ ကာရာဘောင်းပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၇နေရာ အထိ ရောက်ရှိနေတာကြောင့် လီဗာပူးရဲ့ခေတ် ကုန်ဆုံးသွားပြီ ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် လီဗာပူးက ဒီရာသီမှာ အသင်းကြီး အချင်းချင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲအများစုမှာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့သလို ခါးသီးပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ဒုတိယအကျော့မှာလည်း ၇-၀ ဆိုတဲ့ ရလဒ်နဲ့ သမိုင်းဝင်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ လီဗာပူးနည်းပြ ယာဂင် ကလော့ပ်က မန်ချက်စတာ ယူနိုက်တက်ကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့တာဟာ ဒီရာသီမှာ သူတို့အသင်း ရခဲ့တဲ့ အောင်မြင်မှု တခု ဖြစ်ကြောင်း ဆိုလာပါတယ်။ ကလော့ပ်က – “ကျွန်တော့်ရဲ့ နည်းပြဘဝမှာ ဒီလိုမျိုး ဆိုးရွားတဲ့ ဘောလုံးရာသီတွေနဲ့ ကြုံရမယ် ဆိုတာ ကြိုသိခဲ့ပါတယ်။ ဒီရာသီမှာဆိုရင် ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က အတော်လေး ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ယူနိုက်တက်ကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာက ဒီနှစ်ရဲ့ အမှတ်ရစရာ အကောင်းဆုံး အောင်မြင်မှု မှတ်တိုင် တခုပဲ ဖြစ်ပါတယ်။ နောက်ထပ် နှစ်အနည်းငယ်လောက် ကြာရင် လူတွေက ဒီရာသီရဲ့ အကြောင်းကို ပြန်ပြောဖြစ်ကြပါလိမ့်မယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ပရိသတ်တွေက ငါတို့အသင်းဟာ ယူနိုက်တက်ကို ၇-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာကွ ဆိုပြီး လက်မထောင်နိုင်ပါလိမ့်မယ်။ ဒီလိုမျိုး ရလဒ်တွေ ဆိုတာ ထူးခြားတဲ့ အရာတွေပါပဲ” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။