ကဲ ပရိသတ်တွေ မျက်တောင်မခတ်ပဲ ကြည့်ရှုရမယ့် ချန်ပီယံလိဂ် ညချမ်းတွေက တဖန် ပြန်လည် ရောက်ရှိလာပါပြီ။ ဒီညမှာတော့ ဘင်ဖီကာနဲ့ အင်တာမီလန် ၊ မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့လို ကွာတားဖိုင်နယ် ပွဲကောင်းတွေ ရှိနေပြီး ၄သင်းစလုံးက ဆီမီးဖိုင်နယ်ဆီ ရောက်အောင် အားထည့် ကစားကြမှာ ဖြစ်လို့ နှစ်ပွဲစလုံးဟာ အတော်လေးကို ကြည့်ကောင်းပါလိမ့်မယ်။ ကဲ ကျွန်တော်တို့နဲ့အတူ အဲ့ဒီနှစ်ပွဲကို ရင်ခုန်လိုက်ရအောင်ဗျာ…။

Photo Credit: The Sun

ဘင်ဖီကာနဲ့ အင်တာမီလန် (ဗုဒ္ဓဟူးနေ့ မနက် ၁နာရီခွဲ)

ဒီပွဲကတော့ ကွာတားဖိုင်နယ် ၄ပွဲထဲမှာ ပရိသတ်တွေ စိတ်ဝင်စားမှု အနည်းဆုံးပွဲပါ။ ဒါပေမယ့် ဒီပွဲက မထင်မှတ်ပဲ ပွဲကောင်း တပွဲ ဖြစ်သွားနိုင်တဲ့ ရာခိုင်နှုန်းတွေလည်း များနေပါတယ်။ ဘင်ဖီကာနဲ့ အင်တာမီလန်မှာ အင်တာမီလန်က လူစာရင်းအရ အနည်းငယ် အသာစီး ရနေပေမယ့် လက်ရှိ ခြေစွမ်းပိုင်းမှာ ဘင်ဖီကာက အင်တာမီလန်ထက် အပုံကြီး သာနေပါတယ်။

ဘင်ဖီကာက ၂၀၂၃ခုနှစ်ထဲမှာ ရှုံးပွဲ ၁ပွဲသာ ကြုံတွေ့ထားရသလို နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၆ပွဲမှာ ၅ပွဲ အထိ အနိုင်ရထားပြီး သွင်းဂိုး ၁၉ဂိုး အထိ သွင်းထားနိုင်ကာ ပေးဂိုးကလည်း ၆ဂိုးသာ ရှိပါတယ်။ တဖက်မှာတော့ အင်တာမီလန်က နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၆ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားသလို နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၆ပွဲမှာလည်း နိုင်ပွဲတွေ မရှာထားနိုင်ပါဘူး။

Photo Credit: The Analyst

     ဒါ့အပြင် အင်တာမီလန်ရဲ့ တိုက်စစ်ပိုင်းက နောက်ဆုံး ၆ပွဲမှာ သွင်းဂိုး ၃ဂိုးသာ ရထားတာကြောင့် ဒီပွဲမှာလည်း သွင်းဂိုးတွေ ရဖို့ ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာ အိမ်ရှင် အားသာချက် ရှိနေသလို လတ်တလော ခြေစွမ်းပိုင်းလည်း ကောင်းနေတဲ့ ဘင်ဖီကာက အင်တာမီလန်ကို အနိုင်ရသွားလိမ့်မယ်လို့ ထင်ပါတယ်။

ခန့်မှန်းရလဒ် – ဘင်ဖီကာ ၂-၀ အင်တာမီလန်

Photo Credit: The Analyst

မန်စီးတီးနဲ့ ဘိုင်ယန်မြူးနစ် (ဗုဒ္ဓဟူးနေ့ မနက် ၁နာရီခွဲ)

ဒီပွဲကတော့ ကွာတားဖိုင်နယ် ၄ပွဲထဲမှာ အကောင်းဆုံးနဲ့ ပရိသတ်တွေ စိတ်အဝင်စားဆုံးပွဲပါ။ မန်ချက်စတာ စီးတီးနဲ့ ဘိုင်ယန်မြူးနစ်တို့က သက်ဆိုင်ရာလိဂ်တွေရဲ့ အကောင်းဆုံး အသင်းတွေ ဖြစ်ကြသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းနှစ်သင်းလည်း ဖြစ်နေပါတယ်။

နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းနဲ့ ကစားသမားပိုင်းမှာလည်း ကွာဟချက် ကြီးကြီးမားမား မရှိတာကြောင့် ဘယ်လိုရလဒ်မျိုး ထွက်လာမလဲ ဆိုတာ မှန်းဆရ ခက်နေပါတယ်။ ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း စွမ်းဆောင်ရည်ကတော့ အတော်လေး အထင်ကြီးစရာ ကောင်းပါတယ်။ မန်ချက်စတာ စီးတီးက နောက်ဆုံး ကစားခဲ့တဲ့ အိမ်ကွင်း ၁၀ပွဲမှာ ၉ပွဲနိုင် ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကောင်း တခုကို ရထားသလို အနိုင်ရခဲ့တဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီး ၊ စပါး ၊ အာဆင်နယ် ၊ နယူးကာဆယ် ၊ လိုက်ပ်ဇစ် ၊ လီဗာပူး စတဲ့ ပြိုင်ဘက်ကောင်းတွေ ပါဝင်နေပါတယ်။

Photo Credit: The Analyst

     ဒါ့အပြင် မန်ချက်စတာ စီးတီးက အိမ်ကွင်း ၁၀ပွဲမှာ သွင်းဂိုး ၃၅ဂိုး အထိ ရခဲ့သလို ပေးဂိုးကလည်း ၅ဂိုးသာ ရှိပါတယ်။ တဖက်မှာတော့ ဘိုင်ယန်မြူးနစ်က ဒီရာသီမှာ အဝေးကွင်းခြေစွမ်း အားနည်းနေပြီး နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ၅ပွဲမှာ ၃ပွဲနိုင် ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ လေဗာကူဆင်နဲ့ မိုချန် ဂလာဘက်တို့လို အိမ်ကွင်း ရုန်းအားကောင်းတဲ့ အသင်းတွေကို ရှုံးနိမ့်ထားတာပါ။

ဒါကြောင့် ဒီနှစ်သင်းရဲ့ ခြေစွမ်းပိုင်းက အများကြီး မကွာလှပေမယ့် အိမ်ရှင် အားသာချက် ရှိနေတဲ့ မန်ချက်စတာ စီးတီးက ဒီပွဲမှာ အနိုင်ရဖို့ ရာခိုင်နှုန်း များနေပါတယ်။ ဒါပေမယ့် ဘိုင်ယန်မြူးနစ် နည်းပြသစ် တူဟယ်လ်က ဂွာဒီယိုလာနဲ့ တွေ့ဆုံမှုတိုင်းမှာ ရလဒ်ကောင်းတွေ ရလေ့ ရှိတာကြောင့် ဘိုင်ယန်မြူးနစ်ဟာ အဝေးကွင်းမှာ သရေ ခံကန်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ခန့်မှန်းရလဒ် – မန်စီးတီး ၃-၁ ဘိုင်ယန်