ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ ယာယီနည်းပြ ဖြစ်သူ လမ်းပတ်က လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင် ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ သူ့ရဲ့ အသင်းဟာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်ကို ယုံကြည်မှုအပြည့် ၊ ခံယူချက်အပြည့်နဲ့ ကစားသွားမယ်လို့ ပွဲကြို အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

ချယ်လ်ဆီးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ လမ်းပတ်က ပြီးခဲ့တဲ့ အပတ်ကမှ ချယ်လ်ဆီးရဲ့ ယာယီနည်းပြ အဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသူ ဖြစ်ပြီး သူ့ရဲ့ တကျော့ပြန် ချယ်လ်ဆီးနည်းပြဘဝ အဖွင့်ပွဲမှာတော့ ချယ်လ်ဆီးဟာ ဝုဗ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပါတယ်။

Photo Credit: The Sun

ဝုဗ်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာကြောင့် ချယ်လ်ဆီးက နောက်ဆုံး ၄ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပြီး သူတို့ရဲ့ အားရစရာ မကောင်းတဲ့ ခြေစွမ်းကြောင့်ပဲ ချယ်လ်ဆီးဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို အရှက်တကွဲ ရှုံးနိမ့်ရလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ချယ်လ်ဆီးရဲ့ ယာယီနည်းပြ ဖြစ်သူ လမ်းပတ်ကတော့ သူတို့အသင်းဟာ လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေတာ မှန်ပေမယ့် ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်ဖို့ ယုံကြည်မှု အပြည့် ရှိနေသလို ရီးရဲလ်မက်ဒရစ်ကို မရင်ဆိုင်ရဲတဲ့ ကစားသမားတွေ ၊ ပရိသတ်တွေဟာ ကွင်းထဲကို မလာခဲ့သင့်ဘူးလို့ပါ ပြောကြားသွားပါတယ်။

Photo Credit: Standard

လမ်းပတ်က – “တကယ်လို့ ကစားသမားတွေနဲ့ ပရိသတ်တွေက ချယ်လ်ဆီးအသင်းကို မယုံဘူး ၊ ကျွန်တော်တို့ကို မယုံဘူး ဆိုရင် ကွင်းထဲကို မလာခဲ့ကြပါနဲ့။ ကျွန်တော်တို့က အသင်းကောင်း တသင်းနဲ့ ရင်ဆိုင်ရမှာ မှန်ပေမယ့် ကျွန်တော်တို့မှာလည်း နောက်တဆင့် အတွက် အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။ ကျွန်တော်တို့က နောက်တဆင့် တက်နိုင်မယ့် အခွင့်အရေးကောင်းတွေကို ပထမအကျော့မှာထဲက ရယူသွားဖို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့က ယုံကြည်ချက် အပြည့် ၊ ခံယူချက် အပြည့်နဲ့ ရီးရဲလ်မက်ဒရစ်ကို ရင်ဆိုင်သွားမှာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးတို့ရဲ့ ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကိုတော့ ရီးရဲလ်မက်ဒရစ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင် ကစားကြမှာလည်း ဖြစ်ပါတယ်။