ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က အသင်းဆီ ရောက်တာ ၂နှစ် ပြည့်တော့မှာ ဖြစ်ပေမယ့် အခုချိန်အထိ ခြေစွမ်းကောင်းတွေ ထုတ်မပြနိုင်သေးတဲ့ တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုအပေါ် စိတ်မရှည်တော့တာကြောင့် လာမယ့် နွေဈေးကွက်မှာ ဆန်ချိုအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်တော့မယ်လို့ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဂျေဒန် ဆန်ချိုက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မွန်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူဟာ ယူနိုက်တက်နဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်က ဆန်ချိုကို ခေါ်ချင်တာကြောင့် နွေဈေးကွက် ၂ခု အထိ ကြိုးစားခဲ့ရသလို ဆန်ချိုကို တပတ် လုပ်ခလစာ ပေါင် ၃သိန်း အထိ ပေးထားရပေမယ့် ဆန်ချိုကတော့ မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်လာကတည်းက ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး အသင်းအတွက် ၂ရာသီ အတွင်းမှာ စုစုပေါင်း ၆၄ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုးသာ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှုကလည်း ၄ကြိမ်သာ ရှိခဲ့ပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီမှာ ဆန်ချိုကို အနီးကပ် လေ့ကျင့်ပေးမှုတွေ လုပ်ပေးကာ ခြေစွမ်းပိုင်း ပိုတိုးတက်လာအောင် ကူညီပေးခဲ့ပေမယ့် ဆန်ချိုရဲ့ ခြေစွမ်းကတော့ အခုချိန်အထိ တည်ငြိမ်ခြင်း မရှိသေးပဲ တနေ့ရွှေ ၊ တနေ့ငွေသာ ဖြစ်နေခဲ့ပါတယ်။

Photo Credit: Telegraph

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က ကစားခွင့် ပုံမှန် ပေးထားပေမယ့် အခုချိန်အထိ တည်ငြိမ်တဲ့ ခြေစွမ်းမျိုးကို မပြသနိုင်သေးတဲ့ ဆန်ချိုအပေါ် စိတ်ပျက်မှုတွေ ရှိလာခဲ့ပြီး တန်ဟက်ဂ်ဟာ လာမယ့် နွေဈေးကွက်မှာ ဆန်ချိုအတွက် ကမ်းလှမ်းမှုတွေ ရောက်လာရင် ဆန်ချိုကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချဖို့ပါ စဉ်းစားထားကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဂျေဒန် ဆန်ချိုကို ခေါ်ယူချင်နေတဲ့ အသင်းတွေ မရှိသေးပေမယ့် အကယ်၍ မန်ချက်စတာ ယူနိုက်တက်ကသာ ဆန်ချိုကို ရောင်းချမယ်လို့ သတင်းလွှင့်ခဲ့ရင် ဆန်ချိုရဲ့ အသင်းဟောင်း ဒေါ့မွန် အပါအဝင် ဥရောပရဲ့ နာမည်ကြီးကလပ်တွေက ဆန်ချိုကို ခေါ်ယူဖို့ စိတ်ဝင်စားဖွယ် ရှိနေပါတယ်။