စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ပီဒရီက သူဟာ ဘာစီလိုနာမှာ ပျော်ရွှင်နေပေမယ့် အနာဂတ်မှာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးလိဂ်လို့ တင်စားခံထားရတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့ ကစားနိုင်ကြောင်း ဖွင့်ဟ ဝန်ခံလာခဲ့ပါတယ်။

အသက် ၂၀ အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ပီဒရီက ၂၀၁၉ခုနှစ်မှာ လက်စ်ပါးမားစ် ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁၇.၅သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်မှာ ဘာစီလိုနာ အတွက် စတင် ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

ပီဒရီက ဘာစီလိုနာ အတွက် ပွဲဦးထွက် ကစားပေးချိန်မှာပဲ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် ပုံမှန် ပွဲထွက်ခွင့်ကို တောက်လျှောက် ရရှိခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းနဲ့ စိတ်ဓာတ်ကြောင့် အသင်းရဲ့ အနာဂတ် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။

ပီဒရီက ဘာစီလိုနာ အတွက် ၃နှစ်တာ ကာလအတွင်းမှာ ဘာစီလိုနာ အတွက် ၁၀၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေ အပါအဝင် ဥရောပရဲ့ အင်အားကြီးအသင်းတွေက ပီဒရီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: 90 Min

ဒါပေမယ့် ဘာစီလိုနာက ပီဒရီကို ရောင်းချဖို့ စိတ်ကူးမရှိသလို ပီဒရီကလည်း ဘာစီလိုနာကနေ ထွက်ခွာဖို့ မစဉ်းစားသေးပဲ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက်က ပီဒရီကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားဖြစ်မလားလို့ မေးခဲ့ချိန်မှာတော့ ပီဒရီက သူဟာ အခုချိန်မှာ ဘာစီလိုနာကို စွန့်ခွာဖို့ စိတ်ကူးမရှိသေးပေမယ့် အနာဂတ်မှာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ ကစားနိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

ပီဒရီက – “အခုချိန်မှာတော့ ကျွန်တော်က ဘာစီလိုနာကို စွန့်ခွာဖို့ ဆန္ဒမရှိသေးပါဘူး။ ကျွန်တော်က ဘာစီလိုနာမှာ နှစ်တွေ အများကြီး ဆက်ကစားနိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။ ကျွန်တော်က လာလီဂါပြိုင်ပွဲကို ချစ်ပါတယ်။ ဒါပေမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ” လို့ မယုတ်မလွန် ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။