အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်မှာ ကစားနေတဲ့ ဝါရင့် ဆွီဒင်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က သူဟာ ဘောလုံးလောကရဲ့ နတ်ဘုရား ဖြစ်သလို နံပါတ်(၁) ကစားသမားလည်း ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၄၁နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ဆွီဒင် ဝါရင့် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က နာမည်ကြီး ဘောလုံးသမား အများစု အနားယူလေ့ ရှိတဲ့ အသက်အရွယ်ကို ကျော်လွန်လာသည့်တိုင် ယခုချိန်အထိ အနားမယူသေးပဲ အေစီမီလန်နဲ့အတူ ဥရောပရဲ့ အကောင်းဆုံး လိဂ် ၅ခု စာရင်းဝင် စီးရီးအေမှာ ကစားနေဆဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

အထောင်တိုက်စစ်မှူး စစ်စစ် ဖြစ်တဲ့ အီဘရာဟီမိုဗစ်က ဘောလုံးစကေးလ် ကောင်းသလို သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ အတွေ့အကြုံတို့ကြောင့် ယခုချိန်အထိ ဥရောပရဲ့ အဆင့်မြင့် တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရဆဲ ဖြစ်သလို သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း အေစီမီလန် အတွက် ပြိုင်ပွဲစုံမှာ ၈ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်က ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် မေလမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ယခုချိန်အထိ အနားယူရဆဲ ဖြစ်ပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာတာကြောင့် မကြာခင်မှာ သူ့ကို မြက်ခင်းစိမ်းထဲမှာ ပြန်မြင်တွေ့ရတော့မှာ ဖြစ်ကြောင်းနဲ့ သူဟာ ဘောလုံးလောကရဲ့ နံပါတ်(၁) ဖြစ်ကြောင်းကို ဆက်လက် သက်သေပြသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားရင်း သူ့ရဲ့ ပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။

Photo Credit: Euro Sports

အီဘရာဟီမိုဗစ်က – “ကျွန်တော်က နတ်ဘုရား အဖြစ် ဆက်လက် ရှိနေဆဲပါ။ ကျွန်တော်က နံပါတ်(၁)ပါ။ ကျွန်တော်က အခု ပြန်လာပါပြီ။ (ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ) ကျွန်တော့်ရဲ့ ခြေစွမ်းတွေက မကျသွားသေးပါဘူး။ နောက်ဆုံး ၇လမှာ ကျွန်တော် ဆုံးရှုံးလိုက်ရတဲ့ တခုထဲသော အရာက အချိန်ပါပဲ။ လူတွေက ကျွန်တော့်ကို ၂၅နှစ်လုံးလုံး ဝေဖန်လာကြတာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ စိတ်ရှည်ရှည်နဲ့ပဲ အရာအားလုံးကို ကျော်ဖြတ်ခဲ့ပါတယ်။ အခုလည်း စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာတော့မှာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာတော့ မိုဗစ်ရဲ့ အေစီမီလန်က ရှုံးပွဲတွေ ဆက်နေကာ အီဘရာဟီမိုဗစ် တယောက် ကွင်းထဲကို ပြန်ဝင်နိုင်တဲ့အချိန် သူ့ရဲ့ အသင်းဖော်တွေကို စိတ်ဓာတ် မြှင့်ပေးပြီး အေစီမီလန် အတွက် ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်မလား ဆိုတာကို ဆက်လက် စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။